2. Ruby but not that much red.

651 45 6
                                    

အဲ့ဒီတုန်းက ကိုယ်ရဲ့ဖြစ်တည်မှုဟာ ရူဘီဆိုတဲ့ နာမည်နဲ့မလိုက် သိပ်ကို မှိန်ဖျော့နေခဲ့တာ။ ကိုယ့်ကိုမြင်ရင်အားလုံးက ကိုကိုကြီးနဲ့ ကိုကိုလေးကိုမေးကြတယ်။ အတူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းအားချိန်စကားစုပြောကြရင်တောင် " ဟဲ့... နင့်အကိုတွေကလေ... " ဆိုတာနဲ့ စကားစတာမျိုး။

" ငွေလင်းအောင် ညီမ "

" ရွှေလင်းအောင် ညီမ "

ဒီလိုမျိုး နာမ်စားကို သိပ်အမြင်ကပ်ခဲ့တာ။ အရေးထဲ " သီရိကို ဒီစာလေး ပေးပေးပါလား " ဆိုတာမျိုးက ကြုံရသေး။

" နင်က ငွေလင်းအောင်တို့ ရွှေလင်းအောင်တို့ ညီမဆို... "

ဟင်တူလည်း မတူဘူးဆိုတဲ့ အကြည့်တွေဆိုတာ ဖောချင်းသောချင်း ရခဲ့တဲ့ အရာတွေ။

" ရူဘီလေး... "

အဲ့လို ခေါ်ခံရပြီဆို ကိုယ် ကျက်သီးပါ တဖြန်းဖြန်းထတယ်။ ကိုယ့်အကိုနှစ်ယောက်အကြောင်း သိချင်လို့ လာမေးတဲ့သူနဲ့... စာပေးခိုင်းတဲ့သူနဲ့။

ကိုယ့်ကိုမြင်ရက်နဲ့ " ရွှေလင်းအောင်တို့ ငွေလင်းအောင်တို့မပါဘူးလား " လို့ မေးခံရတဲ့ နေရာတွေကို သိပ်မုန်းခဲ့တာ။ ဒါပေမယ့် ရောက်လေရာ ကိုယ့်ကို လူတိုင်းက ဒီလိုပဲ မေးကြတာလေ။ ဒီကမ္ဘာပေါ် ကိုယ့်မှာ နေစရာမရှိခဲ့ဘူး။

အဲ့ဒီလို နာမည်ကြီးအုပ်စုထဲ ကိုယ့်ဇာတ်လိုက်ကျော် ရှင်းရှင်းရောက်လာချိန်မှာတော့ သူတို့အုပ်စုဟာ ကျောင်းမှာ ဒိတ်ဒိတ်ကြဲ အုပ်စုတစ်စု ဖြစ်သွားခဲ့ပြီပေါ့။ စာလည်းတော် ရုပ်လည်းချော အားကစားမှာပါ အစုံရတဲ့ အကိုတွေ အုပ်စုကြောင့် ကိုယ်ဟာ ကျောင်းမှာဆို နေစရာကို မရှိခဲ့ဘူး။

သမာရိုးကျ အချစ်ဦးဇာတ်လမ်းတွေလိုမျိုးပါပဲ...
ရုပ်ချောချောနဲ့ စာတော်တဲ့ နာမည်ကြီး အကိုကြီးနဲ့ စာညံ့ညံ့ ရုပ်ဆိုးမလေးတို့ရဲ့ ဇာတ်လမ်းလို့ပြောရင် သိပ်ကို ရိုးစင်းလွန်းနေမလား။ ဒါပေမယ့်လည်း အဲ့ဒါဟာ တကယ်ဖြစ်ခဲ့ပါတယ်။

ကိုယ်တို့အုပ်စုက ကျောင်းလွှတ်ချိန်ဆို အမြဲနှစ်ထပ်ကျောင်းဆောင်ရဲ့ လှေကားထိပ်မှာ စုထိုင်နေကြ။ မုန့်ဈေးတန်းက မုန့်တွေဝယ်လာပြီး ဟိုးဘက်ဘောလုံးကန်နေကြတဲ့ အကိုချောချောတွေခြင်းခတ်နေကြတဲ့ ကျောင်းသားချောချောတွေကို ငေးကြတာပေါ့။ ကိုယ်က သူများမိန်းကလေးတွေလို ချဉ်ပေါင်းစား ဇီးထုပ်စားတတ်တဲ့ သူမျိုးမဟုတ်ဘူး။ နေကြာစေ့တောင် မခွာတတ်လို့ စားခဲ့သူမဟုတ်။ ဝေဖာချောင်းတွေ ဘီစကစ်မုန့်ထုပ်တွေကို တမြုံ့မြုံ့ဝါးတဲ့သူ။ မိန်းကလေးတွေဆိုတာကလည်း နားလည်ရခက်သား။ အဲ့ဒီအရွယ်တုန်းက ဘာနေနေအတူတူလုပ်ချင်ကြတာမျိုးလေ။ အင်္ကျီဆင်တူဝတ်မယ်... ဆံညှပ်တူတူပန်မယ်။ မုန့်တူတူစားမယ်ဆိုပြီး စိတ်တူကိုယ်တူမှ အချစ်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားကြတော့ ကိုယ်ဟာ သူတို့အုပ်စုထဲ သင်းကွဲပေါ့။ အကိုနှစ်ယောက်ကောင်းမှုနဲ့ နည်းနည်းလေး လူဝင်ဆန့်ခဲ့ရတာ။ သူတို့ ကိုယ့်ကို ပြောကြတာက မိန်းကလေးဖြစ်ပြီး... မိန်းကလေးဖြစ်ရကျိုးမနပ်တဲ့ ကောင်မတဲ့။ ဒီနှစ်တော့ ကိုယ့်မှာ သူတို့လိုမျိုး ငေးစရာလူရှိလာခဲ့တယ်။ ကိုယ်ဟာ မိန်းကလေးဆန်လာတယ်လို့ ကိုယ်တိုင်ခံစားမိခဲ့သလို သူငယ်ချင်းတွေဆီကနေလည်း ဒီလိုမှတ်ချက်တွေ ခဏခဏ ကြားလာခဲ့ရပြီပေါ့။

Ruby's Wish Leaves Where stories live. Discover now