( Uni )
2023 ၊ May
@Londonနွေဦးမို့ အပူချိန်ပျော့ပျော့လေးရှိပြီး ရာသီဥတုက ခပ်နွေးနွေးလေးနှင့် နေလို့ကောင်းသည် ။ ဘုဏ်းဇေ လန်ဒန်ရောက်တော့ ညကိုးနာရီ ။ အခေါက်ပေါင်းများစွာ ရောက်ဖူးသူမို့ လန်ဒန်က သူနှင့် သိပ်ပြီး စိမ်းသက်သည့် နေရာတစ်ခုတော့မဟုတ် ။ သို့ပေမဲ့ သည်တစ်ခေါက်လာရသည့် ခံစားချက်က ဟိုတုန်းကနှင့်မတူ ။ စိတ်လှုပ်ရှားနေသည် ။ နောက်ပြီး ရင်လည်းခုန်သည် ။
ဖီးလစ်ကိုတောင် သတိရ၏ ။ ဖီးလစ်လည်း သည်လိုမျိုး တော်ဝင်မင်းသားဆိုသည့် ဂုဏ်ဒြပ်တွေ မပါဘဲ တစ်ယောက်တည်း ခရီးဆောင်အိတ်တစ်လုံးကိုဆွဲပြီး ချစ်ရသူကိုလိုက်ရှာခဲ့ဖူးသည် မဟုတ်လား ။ အခု သူကတော့ ရှာစရာမလို ။ ချစ်ရသူရှိရာ တန်းတန်းမတ်မတ် သွားရုံသာ ။
ပျံ့ပျံ့ပေးလိုက်သည့် တိုက်ခန်းလိပ်စာရှေ့ရောက်တော့ စိတ်ကို အရင်တည်ငြိမ်အောင် ကြိုးစားရသည် ။ ကြိုးစားမှ ပိုပြီးလှုပ်ရှားလာသလိုပင် ။ ရှင်းသန့်နှင့်တွေ့လျှင် သူ ဘာစပြောရမလဲ ။ သည်အထိရောက်အောင် လာခဲ့ပေမဲ့ ရှင်းသန့်ကို သူ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိပါ ။ ကြားထဲမှာ ဖြစ်ပျက်သွားခဲ့တာတွေက အများကြီး မဟုတ်လား ။
ဘာဖြစ်ဖြစ်ဟု သဘောထားပြီး အချက်ပေးခလုတ်ကို နှိပ်ကာ တံခါးရှေ့မှာ ရပ်စောင့်နေပေမဲ့ တော်တော်ကြာတဲ့အထိ လာဖွင့်ပေးမည့်သူမရှိပေ ။
" တကယ်လို့ ကိုကိုရှင်းရှင်း မရှိတဲ့အချိန် ရောက်သွားရင် ကိုယ့်ဟာကိုယ် တံခါးဖွင့်ဝင်လိုက် ကိုကိုဘုဏ်းဇေ ၊ လျှို့ဝှက်နံပါတ်က ကိုကိုဘုဏ်းဇေမွေးနေ့ပဲ "
သည်စကားကြားတုန်းက သူ့မှာမျက်ရည်ဝဲရသေးသည် ။ ရှင်းသန့်က လျှို့ဝှက်နံပါတ်ကို သူ့မွေးနေ့ မှတ်ထားသတဲ့လေ။
ပျံ့ပျံ့မှာလိုက်သည့်အတိုင်း သူ့မွေးနေ့ကို ရိုက်ထည့်ပြီး တံခါးဖွင့်ဝင်တော့ တိတ်ဆိတ်အေးစက်နေသည့် တိုက်ခန်းက မီးဖွင့်ထားပေမဲ့ ကြိုဆိုမည့်သူမရှိ ။ ဝင်ဝင်ချင်း ဧည့်ခန်းထဲက စားပွဲပေါ်မှာ အလှပန်းအိုးတစ်လုံးရှိပြီး အပြာရောင်ပန်းလေးတွေ ထိုးထားသည်။ ပန်းအမည်တော့ သူ မသိပါ ။ နံရံပေါ်မှာလည်း ပန်းချီကားလေးတစ်ချပ်သာ ချိတ်ဆွဲထားပြီး ဧည့်ခန်းတစ်ခုလုံး ရှင်းရှင်းလင်းလင်း ။ ရှင်းလွန်းလို့ လူနေသည်ဟုတောင် မထင်ရပေ ။
YOU ARE READING
Forget-Me-Nots { Completed }
General FictionA Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထပ်တဲ့အရွယ်ရောက်ရင် ကိုယ့်အပေါ်ကောင်းတဲ့သူကိုမှ လက်ထပ်တဲ့၊ ငါကြီးရင် မင်းနဲ့လက်ထပ်မယ် " " ငါတို့က ယော...