ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည့် နွေရာသီဟာ လှောင်ချိုင့်တွင်းရှိ သားရဲအနှယ်။ မိုးသက်လေပြင်းကျထားသည်မှာ မကြာသေးသည့်အတွက် မြေပြင်ထက်ဝယ် စိုစွတ်နေဆဲ။ စိတ်စနိုးစနှောင့်ဖြစ်ဖွယ် လေးဖင့်မှုဟာ လေထုထဲ စံတက်နေနှင့်ပြီ။
ကျိုးဝမ် အသက်ရှူချောင်ဖို့ ဆေးရုံအဝက ထွက်ခဲ့လိုက်တော့သည်။
သူမက သန့်ရှင်းပြီး သက်သောင့်သက်သာရှိတဲ့ ချည်သားဂါဝန်ကို ဝတ်ထားပြီး၊ ဆံပင်မှာ ထသွားထလာ စည်းထားသည်ကြောင့် ဆံသားအနည်းငယ်မှာ သူမ၏ ဖြူရှင်းသော လည်တိုင်သို့ ကပိုကရို ပြေကျနေသလို တချို့မှာ သူမ၏ ကြည်လင်ဝင်းလဲ့သော မျက်လုံးများထက်ဝေ့ဝဲနေ၏။
နေ့လယ်စာစားဖို့ အချိန်မရှိခဲ့လို့ အခု သူမ ဗိုက်ထဲ နည်းနည်း အဆင်မပြေဖြစ်နေသည်။
ကျိုးဝမ် လမ်းမဘေးတွင် ဖြည်းဖြည်းချင်း ဒူးပွေ့လျက် ထိုင်ချမိတော့သည်။
သည်အချိန်မှာပဲ ကျိုးဝမ် လမ်းတစ်ဖက်က လုရှီးရှောင်းကို တွေ့ခဲ့၏။
လူငယ်က ခြေတံလက်တံရှည်တို့ ရှိသည်။ လက်တို ရှုပ်အဖြူနဲ့ ဂျင်းဘောင်းဘီရှည် တွဲဝတ်ထားပုံက သာမန်ကာလျှံကာဆန်လှသည်။ သို့သော် သူ့အတွက်တော့ ထိုဝတ်စားထားပုံက ပိုပြီး ငယ်ရွယ်သည့် ပုံတောင်ပေါက်စေသည်။
သူက အင်တာနက်ကဖေးဆိုင် အဝင်ဝ နံရံကို ပျင်းတိပျင်းရွဲ မှီနေလျက်သား။ သေသပ်သည့် ဆံပင်၊ ကရော်ကမည်ဆန်သော မျက်ခုံးထူထူတန်းများ၊ သူ့လက်ချောင်းထိပ်တို့ရှိ စီးကရက်တစ်ပိုင်း၊ အမူအရာမဲ့သော မျက်နှာထားနှင့် ပတ်ပတ်လည်မှာမူ ပေါ့တိပေါ့ပြက် ပွေလီသော လေထုက ကြီးစိုးနေသည်။
ထို့နောက် ခါးသေးသေး ခြေတံသွယ်သွယ် မိန်းကလေးတစ်ဦးက အင်တာနက်ဆိုင်ထဲမှ ထွက်လာသည်။နှင်းသဖွယ်ဖြူစွတ်နေသော ပုခုံးထက်တွင် ဝိုင်နီရောင် တစ်ကိုင်းကြိုးတို့နှင့် သူမဟာ လုရှီးရှောင်းထံ လျှောက်သွားလေပြီး သူ့ကို မှီလျက် ခြေဖျားထောက်ကာဖြင့် သူ့နား,နားကပ်ပြောလိုက်သည်။
တစ်ဖက်က လုရှီးရှောင်းကလည်း ပူးပေါင်းပါဝင်စွာဖြင့် ကိုယ်ကို ကိုင်းကာ အနားကို ပိုတိုးပေး၏။