ကျိုးဝမ် တုံ့ဆိုင်းသွားသည်။ ဝတ်ထားသည့် ကင်းဘတ်ရှူးများကို ချွတ်လိုက်ပြီး ရှေ့က သူ့ဖိနပ်အပါးတစ်ရံပေါ် ခြေဝင်လိုက်သည်။
ဖိနပ်အပါးမှာ ကြီးနေပြီး သူမနှင့် လုံးဝမတော်။
သူမ ကုန်းလိုက်ပြီး ချွတ်ထားသည့်ဖိနပ်များကို ဘေးနားက ဖိနပ်စင်ထဲ သပ်သပ်ရပ်ရပ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ စင်ထဲမှာ ဖိနပ်အပါးအပိုမရှိမှန်း သတိထားမိလိုက်သည်။ တစ်အိမ်လုံးမှာ သူမ ဝတ်ထားသည့် ဖိနပ်ပါးတစ်စုံသာရှိသည်။
လုရှီးရှောင်းက တစ်ယောက်တည်းနေသည်။ ဒီ သုံးထပ်တိုက်အိမ်ကြီးတစ်ခုလုံး သူတစ်ယောက်တည်းနှင့် သက်ဆိုင်သကဲ့သို့ပင်။
"ငါ မီးဖွင့်လို့ရလား?" ကျိုးဝမ် မေးလိုက်သည်။
"ကြိုက်သလိုလုပ်"
ဒါလုရှီးရှောင်းဆီမှ ပထမဆုံးကြားရသည့်စကား။ သူ့အသံက သဲပြင်နှင့် ပွတ်ထားသည့်အလား လုံးထွေးကြမ်းရှနေခဲ့သည်။
ကျိုးဝမ် ဖိနပ်စင်နားက ခလုတ်ကို စမ်းနှိပ်ကြည့်သည့်အခါ ဧည့်ခန်းရှိ မီးဆိုင်းမှာ လင်းထိန်လာသည်။
လုရှီးရှောင်းက ရုတ်ချည်းလင်းလာသည့် အလင်းကို လိုက်လျောညီထွေမပြုနိုင်ခဲ့လို့ သူ့မျက်ခုံးများမှာ တင်းကြပ်တွန့်ချိုးသွားပြီး လက်နှင့် မျက်လုံးကို ကာထားလိုက်ရသည်။
ကျိုးဝမ် ရှုပ်ပွနေသည့် ဧည့်ခန်းကို တွေ့လိုက်ရတော့သည်။
ကြမ်းပြင်မှာ ဝိုင်ပုလင်းများ ပွထနေသည်။ ကော်ဖီစားပွဲမှာရှိ ဆေးလိပ်ခံခွက်တွင်လည်း စီးကရက်တိုစများ ဒါဇင်ချီရှိနေသည်။ ဒါ့အပြင် လေထုကလည်း ဆေးလိပ်နံ့နှင့် အရက်နံတို့ပြည့်နေသလို ဒီကနေ ဘယ်မှ မပြန့်နိုင်တော့သည့်အထိ မွှန်ထူနေသည်။
ကျိုးဝမ် တစ်ဖက်ကို သွားလိုက်ပြီး လေဝင်လေထွက်ရှိစေရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
လုရှီးရှောင်းက ဆိုဖာပေါ်လှဲနေရင်း အလုပ်ရှုပ်နေသည့် ကောင်မလေး၏ နောက်ကျောပြင်ကို ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်တစ်ဖက်က တွန့်သွားပြီး လက်ထဲက ဝိုင်ပုလင်းကို ချီမြှောက်ကာ သူ့အသံကို အစိုဓာတ်ဝင်စေရန် တစ်ငုံမော့လိုက်သည်။ " လာရတဲ့ အကြောင်းကဘာလဲ?"