ရာသီဥတုကြည်လင်နေတဲ့ နွေရာသီညနေခင်းတစ်ခု။ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့အခါ ပတ်ဝန်းကျင်က အေးမြလှသည်၊ ကျန်ရှိနေဆဲရော်ရွက်ဝါတွေဟာ ကိုင်းဖျားကိုင်းနားမှာ တွဲလွဲခိုလျက်။ အစိမ်းနုနုပုရစ်ဖူးလေးတွေကမူ ရွက်သစ်များအဖြစ် တာဝန်ထမ်းရန် အသင့်။
ထူးထူးခြားခြား တိမ်တောက်နေတဲ့နေ့ရက်ပေမို့ မိုးသားတစ်ခုလုံးဟာ လိမ္မော်သွေးကြွလျက်။ အလွှာလွှာဖြစ်နေတဲ့တိမ်စိုင်တွေဟာ ရွှေရည်သုတ်လိမ်းထားသလို တောက်ပ၍နေသည်။ ရွှေအိုရောင်တွေဟာ ကောင်းကင်ပြင်အနှံ့ မျက်စိတစ်ဆုံး။ မိုးကုပ်စက်ဝိုင်းကိုပင် လျှံကျလုမတတ်။
မုတ်သုံလေ မြောက်ပြန်လေနဲ့ မတူညီတဲ့ နွေလေရူးတွေဟာ ဦးတည်ရာမဲ့ဖြတ်ပြေးနေကြသည်။ လေပြည်ကြောင့် ရွက်ကြွေတွေဟာ ဟိုပြေးဒီပြေး။ အကျီစားသန်တဲ့လေညင်းတွေဟာ ရွက်ဝါတွေကို အတင်း ခေါ်ဆောင်သွားသည်။ မသိလိုက်ခင်မှာပဲ ပန်းပွင့်ငယ်တို့ထံ တို့ထိကျီစယ်ပြန်တော့ လေဝှေ့တိုင်း ပန်းရနံ့တွေဟာ ခပ်သင်းသင်း။
ဤသို့ သာယာလှပနေတဲ့ရာသီဥတုမှာ ရီခီကတော့ နစ်မြောနေသယောင်။ လေသာဆောင်ခုံတန်းလျားမှာပဲ ထိုင်ရင်း သဘာဝတရားကိုပဲ ခံစားနေမိသည်။ ပင်ပန်းနေတဲ့မျက်ဝန်းတွေကို မှိတ်သည်။ နွမ်းလျလျအကြည့်တွေကို သိမ်းသည်။ သဘာဝရဲ့စကားသံကို နားစွင့်သည်။
ငှက်ကလေးတွေက မကြားတကြားလေး ပြောသွားသည်။ "မင်းရဲ့ချစ်သူက မင်းကို မေ့လျော့နေပြီ" တဲ့။
ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အကြင်သူဟာ ဘယ်တုန်းကမှ သူ့ကို သတိတရ မရှိခဲ့ပါဘဲ။
သူနဲ့ဆိုင်တဲ့အကျင့်တွေ၊ သူ သဘောကျရတဲ့အရာတွေ၊ သူတို့ကြားက စွဲစွဲမြဲမြဲ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေ။
တစ်ခုမှ... တစ်ခုမှပါပဲ...။
အကြင်သူ၏စိတ်ထဲမှာ နေရာယူထားနိုင်တာ ဘာတစ်ခုမှ မရှိခဲ့။
ပန်းကလေးတွေကလည်း အချင်းချင်း လှမ်းပြောနေကြသည်။ "သူ့ချစ်သူက သိပ်ရက်စက်တာပဲ" တဲ့။
YOU ARE READING
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည် | HEEYUNKI ✔
Non-Fictionတစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်...။ commission fic for @binnie_jelly start date : 1.1.2024 end date : 30.3.2024