မတ်လအလယ်မှာ ဆယ်တန်းအတွက် အဆောင်ဝင်ရပြီဖြစ်သည်။
ခြံထဲက ဒန်းပေါ်မှာ အရုပ်တစ်ရုပ်လို ထိုင်နေသော ဘုန်းရိပ်။ ဒီနှစ်တွေအတွင်းမှာ သိသိသာသာ ငြိမ်ကျသွားသော သားဖြစ်သူကြောင့် ဒေါ်မြတ်သူဇာလည်း နေရတာမပျော်။ အကြောင်းအရင်းကိုသိနေတော့ ပို၍ပင်စိတ်မကောင်းဖြစ်ရသည်။ အဆက်အသွယ်ဖြတ်ထားသော သားကြီးကိုလည်း စိတ်မဆိုးရက်။ ဒါတွေအကုန်သားငယ်လေးအတွက်မို့ လုပ်ရတာပါဘဲ။
"သားဘုန်း ၁၁ခွဲနေပြီ သားရဲ့၊ နေ့လယ်စာ စားရအောင်၊ လာ သားကြိုက်တဲ့ အာလူးပူတင်းလဲ ဖုတ်ထားတယ်"
'အာလူးပူတင်း' ဆိုတဲ့စကားအဆုံး မျက်တောင်တို့လှုပ်ခတ်သွားသောသားဖြစ်သူကြောင့် ဒေါ်မြတ်သူဇာ အပြစ်သားတစ်ယောက်လို ခံစားသွားရသည်။ သတိရနေသူကို ဝမ်းနည်းမှုတို့ ထပ်လောင်းသည့်နှယ်။
"လာပါ သားရဲ့ ညနေကျရင် အဆောင်ဝင်ရတော့မှာမလား၊ သားက ဒီလိုဘဲ နေပြီး မာမီ့ကို စကားမပြောတော့ဘူးလား၊ ဟင်"
ဒေါ်မြတ်သူဇာရဲ့ အသံဟာ အဆုံး၌ တိမ်ဝင်သွားတာကြောင့် အလွမ်းဓာတ်ခံရှိနေသော ဘုန်းရိပ်လေးအတွက် မငိုဘဲမနေနိုင်ပါတော့ချေ။
"အင့် အီးးးးဟီးးးးးသား ကိုကို့ကို လွမ်းတယ် မာမီ ဟင့် ကိုကိုက ဘာလို့သားကို မဆက်သွယ်တော့တာလဲ အင့် သားကိုမေ့သွားတာတော့မဟုတ်ဘူးမလား ဟီးးးးးး"
သားက သူ့ကိုကို ကို အစ်ကိုတစ်ယောက်လိုချစ်တာ မဟုတ်ဘူးဆိုတာ ဒေါ်မြတ်သူဇာ သတိထားမိနေတာ ကြာပါပြီ။ သားသမီးမြေးမြစ်တွေနဲ့အတူ နေချင်ပေမဲ့ သူမ၏ ချစ်လှစွာသော တစ်ဦးတည်းသောသားလေးက ဒီလိုဒီပုံ ဆိုမှတော့ သူမလဲ မတားမြစ်လို။ တစ်ဖက်က ကလေးဆိုတာကလဲ ဘေးသူစိမ်းမှမဟုတ်ဘဲ။ သားသာ သဘောကျတယ်ဆိုရင်၊ သားသာပျော်မယ်ဆိုရင် သူမအနေနှင့် ပတ်ဝန်းကျင်ကိုအတိုက်အခံလုပ်ပြီး ခွင့်ပြုပေးမှာပင်။ ခက်တာက တစ်ဖက်က ကလေး။ သားကြီးက သားကိုညီတစ်ယောက်ထက်မပိုဘူးဆိုရင် ရင်ကွဲရမည့် သားကို သူမမကြည့်ဝံ့ပါ။ အင်း အခုသူမရှေ့မှာ ငိုနေပေမဲ့လဲပေါ့လေ။