"မမက ရုပ်လေးလှသလောက် အရမ်းအပေါက်ဆိုးတာဘဲနော်"
ဘုန်းရိပ်က နှာခေါင်းလေးရှုံ့ကာပြောလိုက်တော့
"ဘာ! နင် နင် ဘာပြောလိုက်တယ်"
"ဟော ခုလိုကျတော့ ရုပ်ပါဆိုးသွားတယ်၊ ဘီလူးမကြီးလိုဘဲ"
"ဟင်းးကြည့်ရတာတော့ အသိုင်းအဝိုင်းကြီးထဲကပုံပါဘဲ ဒါပေမဲ့ မင်းမိဘတွေက အကြီးကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ မသင်ပေးထားဘူးလား၊ ကတ်ကတ်ကိုလန်နေတာဘဲ"
"ဒါဆို သားလဲမေးစရာရှိတယ်၊ သင်္ကြန်မို့လို့ ရေပက်တာကို ဘာလို့မမက တီကောင်ကြီးဆားနဲ့ထိသလို ဖြစ်သွားရတာလဲ၊ အဲ့တာကရော မမမိဘတွေက မသင်ပေးထားလို့လားဟင်"
ဘုန်းရိပ်ကတွေးဆဆလေးမေးလိုက်သည်။
"မင်း တော်တော်စွာတဲ့ကောင်လေးဘဲ၊ ရိုင်းလိုက်တာ"
ထိုစဉ်...
"မြတ်ပန်း ဘာတွေဖြစ်နေကြ..."
"ဗြဲ..."
မြတ်ပန်းတစ်ယောက်ဆွံ့အသွားရသည်။ ခုဏက သူ့ကို ကတ်ကတ်လန်အောင်ပြောနေတာ ဒီကောင်လေးမဟုတ်ဘူးလား။ အခုကျသူကဘဲ အရင်ငိုပြနေတယ်။ ဘာလဲဝိညာဉ်လဲသွားတာလား။
"ညီဘုန်း ဘာဖြစ်တာလဲ ကိုကို့ကိုပြော၊ မငိုရဘူးလေကွာ ပြော ကိုကို့ကိုပြော"
"သားက အင့် ဒီမမက လှလို့ ဟင့် ရေပက်တာကို ဒီမမက သားကို အော်တယ် အီးးဟီးးး"
မင်းမြတ်က မြတ်ပန်းကိုလှည့်ကြည့်လိုက်သည်။
"ငါတောင်းပန်ပါတယ် မြတ်ပန်း ကလေးက သင်္ကြန်မို့လို့ရေပက်မိတာ နေမှာပါ၊ နောက်ဆို ညီဘုန်းနဲ့ပတ်သတ်ပြီး မကျေနပ်တာရှိရင် ငါ့ကိုလာပြောလို့ရတယ်၊ ကလေးကိုတော့ မအော်ပါနဲ့၊ လာညီဘုန်း မုန့်လုံးရေပေါ်သွားစားကြမယ်"
မင်းမြတ်ကမြတ်ပန်းကိုသတိပေးသလိုပြောလိုက်ပြီး ဘုန်းရိပ်ဘက်သို့လှည့်ကာ လက်ကမ်းကာဆိုလိုက်သည်။
ဘုန်းရိပ်၏ မျက်ဝန်းတို့တွင်ပြုံးရိပ်သန်းနေသည်။ဤသည်ကား အကြံအစည်အောင်မြင်ခြင်း၏ သင်္ကေတ။
_______________________
_____________