အိမ်ကို အလုပ်ကိစ္စနဲ့ မမရောက်လာခဲ့တဲ့အချိန်ကတည်းက ကျွန်တော့်မှာ ရူးရူးမူးမူးဖြစ်ခဲ့ရတာဗျ တဲ့။ ထိုစကားကို ကြားခဲ့စဉ်က မြသည် သူ့အပေါ် ချစ်စိတ်၊သနားစိတ်များ ပိုခဲ့မိသည်။ မနူးမနပ်ကလေးကို မြူစွယ်သလိုများဖြစ်နေခဲ့သလားဟုလည်း ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်ကလေးလည်း ဝင်ခဲ့ရသည်။ ထိုစကားကိုပြောခဲ့စဉ်က သူ့အသက် ၁၇နှစ်ခန့်သာရှိသေးသည်။
ယခုတော့ဖြင့် သူသည် မြ မသိနိုင်သော အရပ်ဒေသတစ်ခု၌ အသက်(၃၀)ဝန်းကျင် အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေပေရော့မည်။
ဒီလို နွေဦးပေါက်တိုင်း မြသည် သူ့ကိုတော့ နင့်နင့်သီးသီး လွမ်းမိနေတတ်သည်။*
၁၉၆၅ ဝန်းကျင်တွင် ‘မြ’ အထည်အလိပ်လုပ်ငန်းသည် ဤနယ်မြို့ကလေးတွင် နာမည်အတော်အတန် ပေါက်လျက်ရှိသည်။ အောင်မြင်ပြီးသားစီးပွားရေးကို ပိုမိုနာမည်ကျော်စေသူကား ထိုလုပ်ငန်း၏သမီးဖြစ်သူ ကောလိပ်ကျောင်းပြီးထားသော ခင်ခင်မြ ဆိုသူဖြစ်သည်။
ရန်ကုန်မြို့ကြီးတွင် အထက်တန်းနှင့် ကောလိပ်ကို နှစ်ရှည်လများ တက်ခဲ့ရသော မြသည် မိမိမြို့သို့ပြန်ရောက်သောအခါ တစ်သွေးတစ်မွေးနှင့် အလှသွေးကြွယ်လျက် ရေပန်းစားလျက်ရှိသည်။
ဇာအပေါ်ပါးအင်္ကျီခါးတို၊ဘော်လီနှင့် အပွင့်စိပ်လုံချည်ကို တွဲစပ်ဝတ်ဆင်သည်က တစ်မျိုး။ bullet braကို ဓာတ်ရှင်မင်းသမီးများပမာ ကျော့ကျော့ကလေး ဝတ်ဆင်တတ်သည်က တစ်မျိုး။ နှုတ်ခမ်းဆီ၊မိတ်ကပ်နှင့်ရေမွှေးကို ဟန်ပါပါလိမ်းခြယ်သုံးစွဲတတ်သည်က တစ်မျိုး၊ပျားအုံဆံထုံးကို ပီပီပြင်ပြင်သပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားတတ်သည်ကတစ်မျိုး ... ထိုသို့ အမျိုးမျိုးသောအပြင်အဆင်၊အဆောင်အယောင်များနှင့် ရင့်မှည့်နေသော သစ်သီးသဖွယ် အလှသွေးကြွယ်သော ခင်ခင်မြကို ပုရိသကြီးငယ်မရွေး သွားရည်တမြမြနှင့် သဘောကျလျက်ရှိကြသည်။ ထိုမျှမက မိန်းမငယ်တို့၏ ပါးစပ်ဖျားတွင်လည်း ခင်ခင်မြမြသည် ရုပ်ရှင်မင်းသမီး ဒေစီကျော်ဝင်း၊ခင်သန်းနုတို့သဖွယ် လှလွန်းသည်ဟူ၍လည်း နာမည်ကျော်လျက်ရှိသည်။ ခင်ခင်မြသည် တောင့်သည် ဖြောင့်သည် တင်းရင်းစိုပြည်သည်။