Ice-cream & cigarette (U & Z)

203 15 2
                                    

Unicode

"ရေခဲမုန့်တစ်ခွက်"

"စီးကရက်တစ်လိပ်"

ငါးရာတန်တစ်ရွက်စီကိုင်ပြီး ပြိုင်တူရေရွတ်လာသူနှစ်ဦး။ အလင်းနှင့်အမှောင်ဟူ၍တောင်ပြောစမှတ်ပြုရမည့်လူနှစ်ဦးပင်။

ငြိမ်းချမ်းသွင် နှင့် ခွန်းတည်။

နာမည်နှင့်လိုက်အောင် ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်နေသော ငြိမ်းချမ်းသွင်က ရွယ်တူပေမဲ့ လမ်းဘေးဂျလေဘီလိုဖြစ်နေသော ခွန်းတည်ကို ကြည့်မရပေ။

ထို့အတူ ခွန်းတည်ကလည်း မာနကြီးတစ်ခွဲသားနှင့် မတူသလိုမတန်သလိုကြည့်တတ်သော ငြိမ်းချမ်းသွင်ကို မနှစ်မြို့။

"ကိုချမ်းက Strawberry အရသာပဲမို့လား။ ကိုခွန်းကကော MEVIUS ပဲလား"

"အင်း"

"အင်း"

ဆိုင်စောင့်ကောင်မလေးလဲ ပစ္စည်းနှစ်မျိုးကို ထုတ်ယူပြီး တစ်ပြိုင်နက်တည်း ပေးလိုက်သည်။

ချမ်း ရေခဲမုန့်ခွက်ကိုယူကာ တစ်ဖက်ကမှလူကို မျက်ထောင့်မှလှမ်းကြည့်မိတော့ နှုတ်ခမ်းမဲ့မိသွားသည်။ တကယ်ကို လမ်းဘေးဂျလေဘီကောင်။

ပြန်အမ်းငွေစောင့်နေသော ခွန်းသည်လည်း ကြီးကျယ်ချေမိုးနေသူအား ခပ်ရွဲ့ရွဲ့သာကြည့်ပေးလိုက်သည်။

မျက်နှာချင်းဆိုင်နှစ်အိမ်ဖြစ်သော်လည်း သိပ်ကိုကွဲပြားလွန်းလှသည့် သူတို့နှစ်ဦး။ အမေနှင့်အတူနေသော ချမ်းက အမေဖြစ်သူ၏လွှမ်းမိုးမှုကိုခံထားရပြီး လိမ္မာယဉ်ကျေးသည့် အမျိုးကောင်းသားလေးတစ်ယောက်။

ဦးလေးနှင့်သာအတူနေသော ခွန်းတည်ကတော့ လူရယ်ဖြစ်လာသည့် ဘဝတိုတိုလေးမှာကိုယ်ပျော်အောင်နေပြီး ပျော်တာတွေပဲလုပ်မည်ဟုခံယူထားသူတစ်ယောက်။

အတန်းတူဖြစ်သော်လည်း ချမ်းက အမြဲပထမဆိုသည့်ထိပ်ဆုံးနေရာကိုရထားသူ။ ခွန်းကတော့ နောက်ဆုံးနေရာကို ဘယ်သူမှလာမလုနိုင်လောက်အောင် မြဲမြံစွာယူထားနိုင်သူ။

My One Shot CollectionWhere stories live. Discover now