2

342 62 8
                                    

'မဖြစ်နိုင်လို့ မချစ်ခဲ့တာပါ 'ဆိုတဲ့ အဆုံးသတ်စကားတစ်ခွန်းတည်းနဲ့ လီဆာရဲ့ အချစ်ဦးဇာတ်လမ်းဟာရင်နာစွာနဲ့ပ​ဲရပ်တန့်သွားခဲ့ရသည်။မမုန်းချင်ပဲ နာနာကျင်ကျင်မုန်းပစ်လိုက်ရတဲ့အတိတ်က လူတစ်ယောက်ဟာ လီဆာ့အတွက် လှပတဲ့အမှတ်တရတစ်ခုတော့မဟုတ်ခဲ့ပါ။ပြန်တွေးမိတိုင်း တသသလွမ်းနာကျနေရခြင်းနဲ့ပဲ ကျေနပ်လိုက်ရတဲ့ မလှပခဲ့တဲ့ချစ်ခြင်းတစ်ခုသာဖြစ်ခဲ့သည်။
2000ခုနှစ်ရဲ့ ဒီဇင်ဘာလတွေကိုပြန်တွေးမိတိုင်း အတွေးထဲရောက်ရှိလာတာက နှင်းတွေခဲနေအောင်ကျတဲ့အချိန်တိုင်း အကာအကွယ်မပါ၊မာဖလာမပါဘဲ ကားမှတ်တိုင်ဆီလမ်းလျှောက်ပြန်တတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့သည်။မထူမပါးအနွေးထည်ဟာ နှင်းရဲ့အအေးဓာတ်တွေကို သေချာစွာမကာကွယ်ပေးနိုင်မှန်း နီမြန်းနေတဲ့ ပါးပြင်တွေအရ လီဆာသိခဲ့ရသည်။

IMF စီးပွားရေးကပ်ဆိုက်မှုကြောင့်ပြည်သူတွေ နလန်ထူဖို့ခက်ခဲနေတဲ့အခြေအနေတွေကြောင့်အစိုးရကတက္ကသိုလ်၀င်ခွင့်အမှတ်ကို ၃နှစ်ဆက်တိုက်လျော့ချပေးခဲ့သည်။အတန်းတိုင်းမှာ ပထမနဲ့အောင်မြင်လာခဲ့ပေမဲ့ ဆိုး၀ါးလှတဲ့ကံကြမ္မာတစ်ခုကြောင့် လီဆာသည် ၀င်ခွင့်အမှတ်လျော့ပေးခဲ့တဲ့နှစ်မှာ ဆိုးလ်ဆေးတက္ကသိုလ်ကို၀င်ခွင့်ရခဲ့ပြီး အရည်အချင်းမပြည့်မီတဲ့ ၀င်ခွင့်ရကျောင်းသားသစ်တွေလို စီနီယာတန်းတချို့ရဲ့ အထင်သေးသေးဆက်ဆံခြင်းကိုခံခဲ့ရသည်။အဲ့ဒီလိုဆက်ဆံခဲ့တဲ့ စီနီယာတွေထဲမှာ လီဆာ ချစ်မိခဲ့တဲ့ အဲ့ဒီအမျိုးသမီးလည်းပါခဲ့သည်။
အမြဲတမ်း မျက်မှောင်ကျုံ့ပြီး စကားပြောရင်လေသံမာမာနဲ့ ပြောတတ်လို့လည်း အစပိုင်းတွေမှာ လီဆာတော်တော်လေး အမြင်ကတ်ခဲ့ရသေးသည်။
ပြီးတော့ လူတွေနဲ့ရောရောနှောနှော မနေတတ်ဘဲ ထောင့်ကျကျနေရာတစ်ခုမှာ အမြဲတမ်းခွဲထွက်ပြီး သီးသန့်ဆန်ဆန်နေတတ်တဲ့အဲ့ဒီအမျိုးသမီးမှာ ချစ်မွှေးတစိုးတစေ့့မျှ ရှိမနေခဲ့တာတော့သေချာပါတယ်။
ဒါပေမဲ့လည်း လီဆာ ချစ်မိသွားခဲ့ပါသည်။အရမ်းကိုနက်နက်ရှိုင်းရှိုင်းနဲ့ ချစ်မိသွားခဲ့ပါသည်။
သူနဲ့ ပထမဆုံးစတွေ့တဲ့နေ့ဟာ ကျောင်းစတက်ပြီး၂ပတ်အကြာလောက်မှာဖြစ်သည်။လက်တွေ့လုပ်ပြရမဲ့ စမ်းသပ်မှုတစ်ခုအတွက် စီနီယာတန်းတွေဆီက lectureလိုက်ရမှာဖြစ်ပြီး လီဆာတို့အုပ်စုအတွက်ပို့ချသူတွေထဲ အဲ့ဒီဂျစ်ကန်ကန်စီနီယာလည်းပါနေခဲ့သည်။ကျန်တဲ့စီနီယာ ၂ယောက်ရှင်းပြတာထက် အဲ့ဒီစီနီယာရှင်းပြရင် ရုပ်လုံးရုပ်ကွက်ပေါ်လာတဲ့အထိ နားလည်လွယ်စေသောကြောင့် လီဆာချက်ချင်းပဲ အထင်ကြီးသွားမိသည်။

A love we couldn't protect Where stories live. Discover now