[Unicode]
ပထမတစ်ခေါက်တုန်းက သူက ထားရစ်ခံခဲ့ရတယ် ။ ဒုတိယတစ်ခေါက်ကျတော့ သူကိုယ်တိုင်က ထားရစ်ခဲ့သူ... ။
နောက်ဆုံးတစ်ခေါက်မှာတော့ သူကထားရစ်သူလဲ မဟုတ်သလို ၊ ကျန်ရစ်ခဲ့သူလဲ မဟုတ်ခဲ့....။
•°•°•
ဆိုးလ်မြို့ရဲ့ နွေရာသီက ပူပြင်းလှတယ် ။ နေ့လယ်ခင်းချိန် နေပူပူမှာ နေ့လယ်စာစားဖို့ သွားလာနေကြသူတွေ ၊ အလုပ်အတွက် ၊ ကျောင်းအတွက် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဆိုးလ်မြို့ရဲ့ လမ်းမတွေထက် နေပူကျဲတဲထဲ ပြေးလွှားနေကြတဲ့သူတွေကို သူကတော့ အထပ်မြင့်အဆောက်အဦးရဲ့ မှန်ပြတင်းကာကနေတစ်ဆင့် ငုံ့ကြည့်နေခဲ့တယ် ။
အခန်းထဲက လေအေးပေးစက်ကို အပြင်က ရာသီဥတုအပူချိန်ကြောင့် အနိမ့်ဆုံးအခြေအနေထိ လျှော့ချထားပုံရတယ် ။ လေအေးပေးစက်က ထွက်ပေါ်နေတဲ့အသံရယ် ၊ စားပွဲပေါ်တင်ထားတဲ့ ချိန်သီးဆီက တတောက်တောက်မြည်သံရယ်ကလွဲရင် အသံတိတ်နေတဲ့ အခန်းက အောက်က လူတွေ ပျားပန်းခတ်သွားလာနေကြတဲ့ မြင်ကွင်းနဲ့ယှဉ်ရင် ကမ္ဘာနှစ်ခုကွဲနေတဲ့အလား ။
"ဘာကို စိတ်ဝင်တစားကြည့်နေတာလဲ "
ပုရွက်ဆိတ်သာသာ အရွယ်အစားလောက်ပဲ မြင်ရတဲ့ လူတွေကို ငေးကြည့်နေခဲ့မိတဲ့သူက ဒီမေးခွန်းကြောင့် အသိစိတ်ပြန်ဝင်လာခဲ့တယ် ။ သူပြတင်းပေါက်ဆီကနေ အကြည့်လွှဲလိုက်ရင်း မျက်စိရှေ့က လူကို ကြည့်လိုက်တော့ အဲဒီလူက သူ့ကို တည့်တည့်စိုက်ကြည့်နေတာကို မြင်လိုက်ရတယ် ။ ကော့ပြန့်နေအောင် မီးပူတိုက်ထားပုံရတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး ဘောင်းဘီအနားစတွေကအစ ပြန့်ပြူးနေတာကို သူမြင်လိုက်ရတော့ အနှီလူက အိမ်မှာ သူ့ကို ပြုစုစောင့်ရှောက်ပေးမဲ့တစ်စုံတစ်ယောက် ရှိလောက်ရောပေါ့လို့ သူအတွေးဝင်မိသွားတယ် ။ သူ့အကြည့်ကြောင့် တစ်ဖက်လူက နေမထိထိုင်မသာဖြစ်သွားပုံပါပဲ ။ ချိတ်ထိုင်ထားတဲ့ခြေထောက်ကို ပြန်ပြင်ထိုင်လိုက်တာကို သူတွေ့လိုက်ရတယ် ။ သူပြန်အကြည့်လွှဲလိုက်ရဲ့....။
"ဒီတိုင်း...လူတွေ နေပူထဲ သွားနေတာကြည့်ပြီး မပင်ပန်းဘူးလားလို့ တွေးမိလို့ "