[Unicode]
နာမည်တစ်လုံးကို ပါးစပ်ကနေထုတ်ပြောဖို့အတွက်တောင် ကြောက်ရွံ့နေခဲ့ဖူးလို့ ဆယ်နှစ်တာလုံးလုံး ထုတ်မပြောဖြစ်ခဲ့တဲ့နာမည်က သူ့ဘဝရဲ့လိုချင်မက်မောမှုတွေကို ချိတ်ပိတ်သိမ်းဆည်းထားခဲ့တဲ့ တစ်ခုတည်းသော သော့တံလေး...။
ဒီနာမည်လေးကိုများ ထုတ်ခေါ်မိရင် ရောက်ရာနေရာကနေ အပြေးလေးလှမ်းလာပေးမယ်လို့ ယုံစားမိလို့...တစ်ချိန်တည်းမှာပဲ အသက်ကို သေစေနိုင်လောက်တဲ့ တားမြစ်စကားတစ်ခွန်းလို့ မသိစိတ်ကငြင်းဆန်နေမိလို့....။
***
သူ့ကို ဘာစကားတစ်ခွန်းမှမပြောဘဲ စိုက်ကြည့်နေတဲ့ဆရာဝန်ကို အကြည့်ချင်းမဆုံရဲဘဲ အပြစ်ရှိသလိုစိတ်နဲ့ အကြည့်လွှဲထားမိတယ် ။ သူ့ကိုလက်ပိုက်ရင်း ကြည့်နေတဲ့ဆရာဝန်က ပြစ်တင်စကားလဲဆိုမလာသလို ဒေါသထွက်နေတဲ့အမူအရာလဲ မပြပေမဲ့ သူကတော့ အလိုလိုနေရင်းကို အကြည့်ချင်းမဆုံနိုင်တော့တာမို့...။
"ကျွန်တော်တို့အတူတူကျော်ဖြတ်ကြမယ်လို့ စစချင်းကတည်းက ပြောထားတယ်မလား..."
ဆရာဝန်ရဲ့အသံက ပုံမှန်အတိုင်းနူးညံ့နေဆဲပဲ ။ ပိုပိုသာသာ နူးညံ့ထားဟန်လဲမရှိသလို မာထန်နေတာမျိုးလဲမရှိဘဲ သဘာဝဆန်ဆန် သူ့ကို ပြောလာခဲ့တယ် ။ သူ အားနာဟန်နဲ့တစ်ချက် အသာပြုံးပြချင်ခဲ့တယ် ။ သူ့နှုတ်ခမ်းတွေက စိတ်ထဲကအတိုင်း လက်တွေ့မှာ အမှန်တကယ် လှုပ်ရှားသွားသလားဆိုတာကိုတော့ သူသတိမထားမိလိုက်ဘူး ။
"အဲ့တာကြောင့် သေလို့မဖြစ်ဘူးဆိုတာ သိတယ်နော် "
တစ်ဖက်လူရဲ့စကားအဆုံးမှာ သူခေတ္တတုန့်ဆိုင်းသွားရပြီး ဒူးခေါင်းပေါ်တင်ထားမိတဲ့ လက်နှစ်ဖက်က ဘောင်းဘီစကို မသိမသာဆွဲဆုတ်လိုက်မိသွားတယ် ။ သူသိတယ် ။ ဘယ်သူ့ထက်မဆို သူအသိဆုံးပဲ ။
"...ကျွန်တော် သေမလို့လုပ်နေတာမဟုတ်ပါဘူး "
သူ အမှန်အတိုင်းရှင်းပြလိုက်တယ် ။ အခြေအနေတွေက ဒီလိုဖြစ်သွားပေမဲ့ သူ့ဘဝကို အဆုံးသတ်ဖို့လုပ်နေတာမဟုတ်ကြောင်း မျက်စိရှေ့က ဆရာဝန်ကိုပေးသိချင်ခဲ့တယ် ။ ဒါပေမဲ့ သူ့ပါးစပ်ကနေ တခြားဘာဆင်ခြေဆင်လက်မှထွက်မလာခဲ့... ။