5

166 35 4
                                    

[Unicode]

အတိတ်အကြောင်း ၊ ပစ္စုပ္ပန်အကြောင်း ဒါမှမဟုတ် အနာဂတ်အကြောင်း ၊ တစ်ခါမှ ထုတ်ဖော်လို့ မပြောပြခဲ့ဖူးတဲ့ လွမ်းဆွတ်မှုတစ်ခုအကြောင်း...တစ်စစီပြန့်ကျဲနေတဲ့ puzzleတွေလို စိတ်ကူးပုံရိပ်တိုင်းမှာ နေရာယူထားတဲ့သူက မျက်စိကျိန်းလောက်အောင် တောက်ပလွန်းလို့...။

အလင်းရောင်မရှိတဲ့ သူ့ဘဝကို ကယ်တင်ပေးဖို့ ဘုရားသခင်က ‌သနားထောက်ညှာပေးလိုက်တဲ့ ပင့်ကူကြိုးတစ်မျှင်...ဒါမှမဟုတ် ရေနစ်ခါနီး ကူကယ်ရာမဲ့ လှမ်းဆွဲမိတဲ့ ကောက်ရိုးလေးတစ်မျှင်... ။

***

"ဒီနေ့အတွက် ကျွန်တော်လုပ်ခိုင်းချင်တာရှိတယ် "

အချိန်တိုင်းမှာ သူပြောသမျှကိုပဲ နားထောင်ပေးလာခဲ့တဲ့ ဆရာဝန်က အခုတော့ သူ့ကိုစတင်ပြီး တောင်းဆိုလာတယ် ။ သူဆိုဖာမှာထိုင်ရင်း ဘာများလဲလို့ ကြည့်နေမိချိန် ဆရာဝန်က အဖြူရောင်စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို စားပွဲပေါ်တင်ပြီး သူ့ရှေ့ကို တွန်းပို့ပေးလာခဲ့တယ် ။

"ကျွန်တော်လုပ်စေချင်တာက ဒီစာရွက်ပေါ်မှာ အဲဒီစတိုခန်းနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့စိတ်နေစိတ်ထားကို ရေးစေချင်တယ်...အိပ်မက်ထဲက စတိုခန်းကို သဘောကျတဲ့အချက်ရယ် မကြိုက်ရတဲ့အချက်တွေရယ်ပေါ့ ၊ ဒါပေမဲ့ တစ်မျက်နှာတည်းမှာမဟုတ်ဘဲ သဘောကျတဲ့အချက် ၊ မကျတဲ့အချက်တွေကို အပြန်အလှန်မမြင်ရတဲ့ ကျောကပ်ဖြစ်ဖြစ် နောက်တစ်ရွက်မှာပဲဖြစ်ဖြစ် ရေးရမယ်...အချိန်တိုင်း စဉ်းစားနေစရာမလိုဘူး အာရုံထဲပေါ်လာရင် ချရေးလိုက်ရုံပဲ...မရေးနိုင်ရင်လဲ မဖြစ်မနေရေးရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးစရာမလိုဘူး... ဟုတ်လား "

"‌သဘောကျတဲ့အချက်နဲ့...သဘောမကျတဲ့အချက်လား "

"ဟုတ်တယ်...ဒါပေမဲ့ အဲ့လိုခွဲပြီး မစဉ်းစားစေချင်ဘူး ။ စတိုခန်းလို့တွေးလိုက်တာနဲ့ ပေါ်လာတဲ့အကြောင်းအရာကိုမှ အခြေခံပြီး သဘောကျတဲ့အောက်ရေးမလား သဘောမကျတဲ့အောက်ရေးမလားဆိုတာကို တွေးစေချင်တယ် "

ဆရာဝန်က သူ့ကိုဖိအားပေးမနေဘူး ။ ဒါပေမဲ့ သူ့အတွက် ပြင်းထန်တဲ့ ဖိအားတစ်ခုကို အလိုလိုနေရင်းခံစားလိုက်ရတယ် ။ ဖြူလွှလွှစာရွက်တစ်ရွက်က သူ့စိတ်ကို ဘယ်လိုများ ကုစားပေးနိုင်မှာတဲ့လဲ...။ ဒါပေမဲ့ သူ့ပါးစပ်ကတော့ အလိုက်တသိနဲ့ အငြင်းစကားထွက်မလာခဲ့ဘူး ။

Lonely PlanetWhere stories live. Discover now