နောက်တစ်တန်းက အကအတန်းဖြစ်သည်။ ကုမ္ပဏီက အကပေါင်းမျိုးစုံကို ကျွမ်းကျင်ပြီး အဆိုတော်ပေါင်းများစွာကို သင်ကြားဖူးသည့် ကမ္ဘာကျော်အကဆရာကို ငှားထားသည်။
အကုန်လုံးက လောင်ရှားလို့ခေါ်ကြပြီး အသက်နှစ်ဆယ်ဝန်းကျင်လို့ထင်ရသည့် ကောင်လေးပင်။ အရပ်ရှည် ပိန်ပါးကျစ်လျစ်ပြီး အရမ်းကြီး ချောတယ်မဟုတ်ပေမယ့် သူ၏ ပါးဖောင်းဖောင်းမျက်နှာက ချစ်စရာကောင်းနေသည်။
သူက မိုက်သော ဟစ်ဟော့စတိုင်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကိုအုပ်သည့် ဦးထုပ်ကိုလည်း ဆောင်းထားသည်။ အထဲကို ဝင်သည်နှင့် သူ မျက်ခုံးပင့်လိုက်သည်။ "ယို့ ဒီနေ့ အတန်းသားအသစ်ရှိတာလား?"
"တွေ့ရတာ ဝမ်းသာပါတယ်ဆရာ ကျွန်မနာမည်က ရှရှီပေပါ" ရှရှီပေ အပြုံးလေးနှင့် ဖြေလိုက်သည်။
"မင်းက တော်တော်လှတာပဲ ကောင်မလေး"
ရှရှီပေ ပြုံးလိုက်သည့်အခါ လောင်ရှား၏ မျက်လုံးတို့က တောက်ပသွားပြီး မနေနိုင်စွာပင် ချီးကျူးလိုက်သည်။
တခြားသူမျက်နှာတွေက မည်းမှောင်သွားပြီး ရှရှီပေကို မနှစ်မြို့သောအကြည့်တို့ဖြင့် ကြည့်လိုက်ကြသည်။
လောင်ရှားက သုံးဆယ်ထဲရောက်နေပေမယ့် သူ၏ ပါးဖောင်းဖောင်းမျက်နှာက သူ့ကို ငယ်စေသယောင်။ သူက ဤနေရာတွင် ကျူတာလုပ်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး များစွာသော ထရိန်နီများ လာလိုက်ကြ ထွက်သွားလိုက်ကြကို အများကြီးမြင်ဖူးပြီးဖြစ်သည်။ သို့ပေမယ့် သူ အတိတ်တွင် ထိုကဲ့သို့ ချီးကျူးမှုမျိုးကို မည်သူ့ကိုမှ မပြောဖူးခဲ့။
အခန်းထဲက ကျောင်းသားအားလုံးက ကြည့်ကောင်းပေမယ့်လည်း သူသည် ရှရှီပေတစ်ယောက်တည်းကိုသာ ချီးကျူးခဲ့သောကြောင့် တခြားသူဆီက မနှစ်မြို့မှုတွေ ရခဲ့လေသည်။
တစ်ဖက်တွင် လောင်ရှားက အဖက်မလုပ်နေ။ သူ မိန်းမငယ်လေးကို အတည်လှပသည်ထင်၍ပင်။
သူမ၏ ရုပ်ရည်အလှအပြင် သူမ၏ စိတ်နေသဘောထားကလည်း ထိုးထွက်နေသည်။ ကြည့်ကောင်းသည့် လူငယ်အုပ်စုကြားထဲတွင် သူမက တစ်ခါကြည့်လိုက်သည်နှင့်ပင် အာရုံကိုဖမ်းစားနိုင်သည့် ထူးခြားသည့်လူပင်။