သက်ဆုံးတိုင်
အပိုင်း (၂)"ဟိုဟာ... နို့ဆီနှစ်ထုပ်၊ ဖယောင်းတိုင်၂၄ တိုင် တစ်ထုပ်၊ ပြီးတော့...ခြင်ဆေးခွေတစ်ဘူး။ "
"ဟုတ်ကဲ့ ခဏလေးနော်။ "
သနပ်ခါးဖွေးဖွေးနှင့်ချစ်စရာကောင်းနေသည့်ရှင်းသန့်က ပုံစံလေးနှင့်ကွာခြားစွာ အသံလေးကတော့ ခပ်ပြတ်ပြတ်ခပ်ရှင်းရှင်းပင်။ သူပြောလိုက်သည်များကို တစ်ခုပြီးတစ်ခုရှာယူနေသည့်ကလေးအား မင်းခန့်မှာ မလွတ်စတမ်းကြည့်ရင်း ခပ်ပြုံးပြုံး။ မြင်သူတိုင်းချစ်ခင်မိစေမည့်မျက်နှာကလေးဖြစ်၍ မင်းခန့်တစိမ့်စိမ့်ကြည့်မိသည်အား အပြစ်ဆိုလို့မရပေ။
" ဒီမှာရပါပြီဗျ..."
ပလတ်စတစ်အိတ်ကလေးထဲ ပစ္စည်းများထည့်ပြီးပေးလာသည့်အခါ မင်းခန့်ပိုက်ဆံကမ်းပေးလိုက်သည်။ ရှင်းသန့်မှာ လုပ်စရာရှိသည်များကိုသာ လုပ်နေလျက်ရှိပြီး သူ့မျက်နှာကို တစ်စက်ကလေးမှပင်မကြည့်ပေ။
အရင်တစ်နေ့က သူနှင့်ထီးကြုံလိုက်ဆောင်းသူမှန်း ရှင်းသန့်မမှတ်မိဘူးထင်ပါ၏။ ထိုနေ့က သူ့နာမည်ကိုသိနေ၍ အကဲခတ်သလိုကြည့်သည့်ရှင်းသန့်က ဘာမျှထပ်မမေးသော်လည်း သတိထားနေမှန်း မင်းခန့်သိသည်။ ကလေးတစ်ယောက်ဆိုသော်လည်း သတိနှင့်တည်တည်တံ့တံ့နေတတ်သည့်ရှင်းသန့်ကို မင်းခန့်ချီးကျူးမိပါ၏။ ရှင်းသန့်ကသာ သူ့ကိုမသိသော်လည်း မင်းခန့်မှာ သည်အိမ်မှမိသားစုနှင့်ရင်းနှီးနေလေပြီဖြစ်၍ သည်ကလေးကိုအသေအချာသိသည်ပင်။
"ဒီမှာ အကြွေအမ်းတာပါ ။"
"ဟုတ်ကဲ့ပါဗျ ။"
ရွှင်မြူးမြူးလေးဆိုလိုက်သည့်သူ့အား ရှင်းသန့်က တစ်ချက်သာမော့ကြည့်ပြီး ပိုက်ဆံတွေကိုစီနေ၏။ မင်းခန့်မှာ မိတ်ဆက်ခွင့်ပင်မရှိဘဲပြန်လာရသော်လည်း အနောက်သို့လှည့်ကြည့်လှည့်ကြည့်လုပ်မိသေးသည်။
ခန္ဓာကိုယ်ပြည့်ပြည့်၊ ပါးဖောင်းဖောင်းလေးတွေနှင့် ချစ်စရာကောင်းသည့်ရှင်းသန့်က အေးစက်စက်နိုင်သလိုရှိသော်လည်း မင်းခန့်မျက်လုံးထဲတွင်တော့ အသည်းယားစရာကောင်းလှသော ချစ်မွေးပါသည့်ကလေးပင်။
YOU ARE READING
သက်ဆုံးတိုင် [ Z+U]
Romanceမင်းခန့်ပိုင် × ရှင်းသန့်ပိုင် [ cover လေးက အချစ်ကလေးဆီမှ လက်ဆောင်ရထားတာဖြစ်ပါတယ် ] " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာပါဆိုတာ ကိုကြီး အသေအချာသိတယ်။ "