Part 4 [Z+U]

160 7 0
                                    

သက်ဆုံးတိုင်
အပိုင်း (၄)

မင်းခန့်တစ်ယောက် ခြံထဲမှပန်းပင်တွေရေလောင်းရင်း မျက်စောင်းထိုးဆိုင်သို့ တကြည့်ကြည့်လုပ်နေမိသည်။ ချစ်စရာကောင်းသည့် ပြည့်ပြည့်ဖောင်းဖောင်းနှင့်ကောင်လေးအား မြင်ရလေမလားဟူသောမျှော်လင့်ချက်ကလေးနှင့် ပန်းပင်ရေလောင်းနေသည့်မင်းခန့် လောင်းနေသည့်ရေတွေမှာ ပန်းပင်တွေဆီသို့ တစ်ဝက်သာရောက်၏။

ယခုအချိန်အထိ သူ့ထက်အတော်လေးငယ်သည့် အထက်တန်းကျောင်းသားအရွယ်လေးတွေအား မင်းခန့်မြင်ဖူးသော်လည်း မျက်စောင်းထိုးဆိုင်မှ ကောင်လေးကတော့ ပိုပြီးနုနုနယ်နယ်လေးနှင့် ကလေးမျက်နှာပေါက်ကိုပိုင်ဆိုင်ထား၏။

အရပ်လေးက သူ့အရွယ်နှင့်သူတော့ ပုံမှန်ထက်အနည်းငယ်သာရှည်သည်ဟုဆိုရမည်ဖြစ်ကာ ခန္ဓာကိုယ်က ဝသည်လည်းမဟုတ်ဘဲ ပြည့်ပြည့်ဖောင်းဖောင်းကလေးဖြစ်သည်။ ပါးလေးတွေက မထိကြည့်ရသေးဘဲနှင့်တောင် အိစက်ပျော့ပျောင်းနေမည်ဟုထင်ရလောက်သည်အထိ ဖောင်းဖောင်းလေးဖြစ်နေသည်ဖြစ်ရာ မင်းခန့်အားရပါးရဆွဲညှစ်ချင်စိတ်ဖြစ်မိ၏။

မျက်နှာကျသွယ်သွယ်လေးကိုမှ ပြည့်ပြည့်လေးနှင့် ဆံပင်ကလည်းခပ်တိုတိုပင်ညှပ်ထားကာ မျက်ခုံးကလည်းထင်းလို့နေပြီး မျက်ဝန်းအိမ်ကျယ်ကျယ်ကလေးကလည်း ကြည်လင်လို့နေသည်ဖြစ်၍ ကလေးပေါက်စလေးတစ်ယောက်နှယ်ကြည်စင်မှုရှိသေးသည်။ ဘယ်အချိန်မြင်ရမြင်ရ မျက်နှာမှာ သနပ်ခါးအဖွေးသားနှင့် ပါးကွက်ဝိုင်းဝိုင်းကြီးက အမြဲတမ်းရှှိနေခဲ့သည်ဖြစ်ရာ မင်းခန့် မြင်စကတည်းက အသည်းတယားယားဖြစ်နေခဲ့ရ၏။ ရင်အေးစရာဖြစ်ခဲ့ရ၏။ ထို့အပြင် ကလေးပီပီအန္တရာယ်ကင်းဘေးရှင်းစေရန် လည်ပင်းတွင်လည်း အဆောင်ဆွဲကြိုးနှင့်ငွေကြုတ်လေးကို တွဲ၍ဆွဲထားသေးသည်။

နှုတ်ခမ်းဖူးဖူးလေးက အမြဲတစေ တင်းစေ့နေတတ်ကာ သူ သကြားလုံးကျွေးခဲ့တော့လည်း မစားချင်သလိုနှင့်ဖောက်စားနေခဲ့သေး၏။ စကားပြောပုံဆိုပုံမှာလည်း အသွင်အပြင်နှင့်ကွာခြားစွာ ခပ်ပြတ်ပြတ်ဆိုတတ်သည်ဖြစ်ရာ မင်းခန့်မှာ သည်လိုညီလေးတစ်ယောက်သာရှိလျှင် တစ်ချိန်လုံး စနောက်နေမိလောက်မည်ဟု ထင်မိအောင်ပင်။

သက်ဆုံးတိုင် [ Z+U]Where stories live. Discover now