စောဟန်မင်းမောင်သည် အထက်တန်း
ကျောင်းသားဘဝတည်းကပင် လူသိများနာမည်ကြီးခဲ့သူ ဖြစ်သည်။ သူသည် ရုပ်ရည်ပြေပြစ်ချောမောရုံသာမက ဆက်ဆံရေးလည်းပြေပြစ်လေသည်။ သို့ရာတွင် အများသူငှာကို အရောတဝင်နေခြင်းမျိုးလည်းမဟုတ်ဘဲ ချဥ်းကပ်၍မလွယ်ကူသော အရှိန်အဝါတစ်ခုလည်း ရှိနေသေးသည်။စောဟန်မင်းမောင်ဘဝတွင် ခင်မင်ရင်းနှီးမှုသည် သူငယ်ချင်းများဖြစ်၍ ချစ်ခင်နှစ်သက်တွယ်တာမှုသည် မိသားစုသာဖြစ်ခဲ့သည်။ ထိုသို့ ရိုးစင်းသောသူ့ဘဝတွင် နေရောင်ခြည်တစ်ခု ထွန်းလင်းလာခဲ့သည်။
မင်းမောင်တစ်ယောက် နေရောင်ခြည်လေးဟုတင်စားသော သော်မှာ အများအမြင်တွင်တော့ ရေခဲလူသားသာဖြစ်သည်။ သော်သည်
အေးစက်စက်မျက်နှာထားဖြင့် မည်သူ့ကိုမှဂရုမစိုက်သောပုံစံရှိသည်။ သူ့တွင် သူငယ်ချင်းရှိဟန်တူသော်လည်း ထိုသူငယ်ချင်းနှင့်ရယ်မောစကားဆိုနေသည်ကိုပင် တွေ့ရခဲလှသည်။ခန္ဓာကိုယ်ပိန်သွယ်သွယ်ဖြင့် အရယ်အပြုံးတို့ကင်းမဲ့လှသော ထိုလူသားကို မင်းမောင်သည် မြင်မြင်ချင်းချစ်မိသွားခဲ့သည်။
ထိုနေ့က ကျောင်းတွင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသည့်နေ့ဖြစ်သည်။ မင်းမောင်သည် ထိုနေ့ကို မှတ်မှတ်ထင်ထင်ရှိလှပြီး ထိုနေ့ကဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသေးစိတ်ကအစ မှတ်မိလေသည်။
ထိုသို့မှတ်မိနေခြင်းမှာ မင်းမောင်သည် သော်ကို ထိုနေ့က မြင်မြင်ချင်း တမ်းတမ်းစွဲသွား၍ ဖြစ်သည်။
သော်သည်
သူ၏ ရင်ခုန်တမ်းချင်း...သူ့နှလုံးသားထက်က ကဗျာ၏ပိုင်ရှင်...သူ၏ ကောင်းချီးဖြစ်ပြီး ထိုဖြစ်တည်မှုလေးကို သိရှိခဲ့သောနေ့တွင် သူသည် သော်ကို မသိခဲ့ဘဲကုန်လွန်ခဲ့သော အသက်၁၇နှစ်ကို လွန်စွာနှမြောသွားခဲ့မိသည်။စောဟန်မင်းမောင် နှင့်ထက်မြက်အောင်သည် ငယ်သူငယ်ချင်းများဖြစ်သည်။ သက်နေဝင်းနှင့် ညီအေးမင်းကတော့အထက်တန်းရောက်ခါမှ အဖွဲ့ကျသွားသောသူငယ်ချင်းများဖြစ်သည်။ သူတို့ သူငယ်ချင်းလေးယောက်သည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် volunteer များအနေဖြင့် ပါဝင်ခဲ့သည်။
YOU ARE READING
SuperStar MinMaung in a Relationship with His Thaw
Fantasyချစ်ခြင်းတရားကသာလျှင် အချိန်ကာလကိုလွန်ဆန်ပြီး ကံကြမ္မာကိုအံတုပြောင်းလဲနိုင်စွမ်းတယ်။