1

3.5K 29 3
                                    

" Sayuri San ဝင်လာလို့ရပါပြီ "

[Sanဆိုတာ မြန်မာလိုဆို နာမည်ရှေ့မှာ
မောင်၊မ တပ်ခေါ်သလိုပါပဲ ဂျပန်လိုရေးထားတာပါနော်]

"ဟုတ်ကဲ့ရှင့်"

အင်တာဗျူးရှိ လက်ထောက်ဆရာမလေး
ခေါ်သံကြောင့် Sayuri ရုံးခန်းထဲဝင်သွားလိုက်သည်။
Royal Private School က ဒီမြို့မှာ
အကောင်းဆုံးဖြစ်ပြီး စာသင်ကြားမှုအပိုင်းလည်း
အဆင့်မြင့်သည်။
ကျောင်းအုပ်ကြီးက စည်းကမ်းကြီးပြီး
အုပ်ချုပ်မှုကောင်းတာကြောင့်
ကျောင်းကတိုးတက်သည်ဟု ပညာရေးနယ်ပယ်
ဝန်ထမ်းအသိုင်းအဝိုင်းတွင် နာမည်ကြီးသည်။

Sayuriက ပညာရေးတက္ကသိုလ်တွင်
ရိုးရိုးဘွဲ့ရော မဟာဘွဲ့ပါ ရထားသည်ဖြစ်ပြီး
အစိုးရအထက်တန်းကျောင်းတစ်ခုတွင်
နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးပြီဖြစ်သည်။
ပညာရေးဥပဒေအရ ဆရာမလုပ်တော့မည်ဆိုလျှင်အစိုးရမှ နေရာချပေးသည့် အစိုးရကျောင်းတွင်
အနည်းဆုံး တစ်နှစ်ခွဲ အလုပ်လုပ်ပြီးမှသာ
မိမိကြိုက်နှစ်သက်ရာ အစိုးရကျောင်း (သို့)
ပုဂ္ဂလိကကျောင်းများကို လျှောက်ထားနိုင်သည်။

Sayuri လည်း အစိုးရသက်မှတ်‌ပေးထားသည့်
တာဝန်ထမ်းဆောင်ချိန်ပြီးတော့
ကျောင်းပြောင်းလျှောက်ရာတွင်
နာမည်ကြီးပြီး ဝင်ခွင့်မလွယ်သည့်
Royal Private School တွင်
အထက်တန်းဆရာမအဖြစ် အလုပ်လုပ်ဖို့
အရဲစွန့်ပြီး ဖောင်တင်ခဲ့ရာမှ အခု အင်တာဗျူး
လာဖြေရခြင်းဖြစ်သည်။

Sayuri ရုံးခန်းထဲသို့ ဝင်သွားကာ
သတ်မှတ်ထားသည့် ထိုင်ခုံတွင် ဝင်ထိုင်ရင်း
အကဲခတ်မိသည်။
ရုံးခန်းထဲတွင် အင်တာဗျူးသည့် အကြီးအကဲ
သုံးယောက်ရှိပြီး အလယ်က အစ်မကို
မြင်မြင်ချင်း ငေးခနဲဖြစ်သွားရ၏။
ထိုအစ်မရှေ့တွင် ထောင်ထားသော
နာမည်ဘုတ်ပြားအား ကြည့်လိုက်တော့
“ကျောင်းအုပ်ဆရာမ  Kiyomi” ဟု
ရေးထိုးထား၏။

ဒါ နာမည်ကြီးနေသည့် Royal Private School၏ ကျောင်းအုပ်ပင်..သို့သော် အမျိုးသမီးတစ်ယောက်
ဖြစ်လိမ့်မည်ဟု Sayuriမထင်ထား။
ထိုင်နေသည့်ပုံကအစ smartကျပြီး
လှိုင်းတွန့်သဏ္ဌာန် ဆံပင်ကောက်များနှင့်
မျက်နှာသွယ်သွယ်က လိုက်ဖက်လွန်းလှသည်။
ထိုအမျိုးသမီးက Sayuriအား
တည့်တည့် စိုက်ကြည့်လာသည်မို့
ကြက်သီးမွှေးညှင်းများပါ ထသွားရ၏။

Love LessonsWhere stories live. Discover now