15

340 67 2
                                    

[Unicode]

မီးဖိုချောင် သန့်ရှင်း‌ရေးလုပ်ပြီးနောက် ရှဝမ်နန် မင်ယန်ကုမ္ပဏီသို့ ထွက်လာခဲ့သည်။

တက္ကစီစီးဖို့ တွန့်ဆုတ်နေသေးတာမို့ မင်ယန်၏လိပ်စာကို ဖုန်းတွင် ပြန်စစ်ဆေးကြည့်ပြီးနောက် အနီးစပ်ဆုံး မြေအောက်ရထားဘူတာသို့ ခြေကျင်လျှောက်လာခဲ့၏။

မနက်ခင်း လူကြပ်သောအချိန်ကို ကျော်လွန်ပြီးသွားတာတောင် ရထားပေါ်၌ ခရီးသည် အမြောက်အမြားရှိနေဆဲပင်။ ထောင့်တစ်နေရာ၌ ရှဝမ်နန် နေရာယူလိုက်ပြီး ခရီးစဥ်ဆုံးသည့်တိုင် ထိုနေရာမှာပဲ ရပ်နေခဲ့သည်။

ဘူတာရုံ၏ ထွက်ပေါက်သည် အလွန်ရှည်လျားသော လှေကားထစ်များအဆုံးသတ်တွင် ရှိနေသည်။ ထိပ်ဆုံးသို့ရောက်သောအခါ ရှဝမ်နန် မောလွန်း၍ ဟောဟဲဆိုက်နေပြီဖြစ်ပြီး အေးမြနေသော ဘူတာရုံထဲကနေ တရှိန်ရှိန်ထိုးနေသော နေရောင်အောက်သို့ ဒယိမ်းဒယိုင်ထွက်လာခဲ့တော့၏။

ဤသည်က မြို့တော်၏ စီးပွားရေးအချက်အချာကျသည့် မြို့နယ်ပင်။ မြင်မြင်ကရာ အရွယ်စုံ၊ ဒီဇိုင်းစုံနှင့် မိုးမျှော်အဆောက်အဦးများ တွေ့ရပြီး အရှေ့ဘက်မျက်နှာစာရှိ မှန်နံရံများသည်လည်း နေရောင်အောက်ဝယ် ရောင်ပြန်ဟပ်လျက် တလဲ့လဲ့ဖြစ်နေသည်။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခံရသော လမ်းများမှာမူ လင်းထိန်လွန်းသဖြင့် အဖြူရောင်ပြောင်းနေသလိုပင် ထင်မှတ်ရ၏။

ရှဝမ်နန် အလုပ်လုပ်သော မင်ယန်ရေမွှေးထုတ်လုပ်ရေးကုမ္ပဏီသည် မြင်သာထင်သာရှိသော နေရာ၌ တည်ရှိနေသည်။ နေရာကြောင့် မဟုတ်ဘဲ အဆောက်အဦးရဲ့ တည်ဆောက်ပုံဒီဇိုင်းကြောင့် ထင်းထွက်နေတာလို့ပဲ ပြောရမလား။ 'မင်ယန်'ဟူသော logo အပြင် အပေါ်ထပ်များကို ရေမွှေးပုလင်း၏ အဖုံးဒီဇိုင်းပုံစံမျိုး ဆောက်ထားသည်။ ကျန်သည့်အပိုင်းကိုမူ ကုဗတုံးပုံ ဆောက်လုပ်ထားကာ ကုမ္ပဏီ brand တံဆိပ်နှင့် ဆိုင်းဘုတ်က အလယ်တည့်တည့်တွင် ရှိနေသည်မို့ အဆောက်အဦးတစ်ခုလုံးက ရေမွှေးဖန်ပုလင်းကြီးအလားပင်။

မင်ယန်အဆောက်အဦးသည် ရထားဘူတာရုံနှင့် သိပ်မဝေးဘူးဟု ထင်ရသော်လည်း ရှဝမ်နန် ဆယ်မိနစ်လောက် ခြေကျင်လျှောက်လိုက်ရ၏။

နောက်ပြန်လှည့်ရန် လမ်းမရှိ || ဘာသာပြန်Where stories live. Discover now