22

329 69 4
                                    

[Unicode]

စံအိမ်တွင် စုစုပေါင်း သုံးထပ်ရှိသည်။

လှေကားမှတက်သွားလျှင် ဒုတိယထပ်ဧည့်ခန်းကျယ်ကို တွေ့ရပြီး လသာဆောင်နှင့် တိုက်ရိုက်ဆက်နေကာ ဘားကောင်တာနှင့် ဘိလိယက်ခုံကို တွေ့ရသည်။ ညာဘက်မှာ ရှိနေတာက မင်လုချွမ်း၏အိပ်ခန်းသို့ ဦးတည်သော ကော်ရစ်ဒါ။

တံခါးထစ်သို့ ခြေအချတွင် ရှဝမ်နန် တုံ့ဆိုင်းသွားပြီးနောက် တစ်ချက် ချောင်းကြည့်လိုက်ရင်း ဝင်ဖို့ တွန့်ဆုတ်နေမိသည်။

မင်လုချွမ်းက မီးခလုတ် ဖွင့်လိုက်ပြီး ရှဝမ်နန်ကို အထဲသို့ ဆွဲခေါ်လာ၏။

ရှဝမ်နန် အမြန် နောက်ရို့လိုက်တော့ ပြတင်းပေါက်ဘေးမှာ အဆုံးသတ်သွားရသည်။

“လာမရှုပ်နဲ့” သူ မင်လုချွမ်းကို ပြောမိပြီ။

မင်လုချွမ်းက သူ့ကို အေးတိအေးစက် စိုက်ကြည့်သည်။ ခြေလှမ်းများက ရှဝမ်နန်ဆီကနေ ဖြည်းညင်းစွာ ရွေ့လျားသွားသော်လည်း ရေချိုးခန်းဘက်ဆီ ဦးတည်သွားခြင်းပင်။

ရေချိုးခန်းတံခါးနောက်တွင် မင်လုချွမ်းပုံရိပ်ပျောက်ကွယ်သွားတော့မှ ရှဝမ်နန် သက်ပြင်းတစ်ချက်ချလိုက်ပြီး အခန်းကို ဝေ့ဝဲကြည့်မိသည်။

မြင်တွေ့နေကျ အိပ်ခန်းမျိုးပင်။ ကျယ်ဝန်းသည်၊ ရိုးရှင်းသည်။ အလယ်တွင် နှစ်ယောက်အိပ်ကုတင်ချထားပြီး နံရံတစ်ဖက်၌ ကပ်၍ဆောက်လုပ်ထားသောအဝတ်ဗီရိုတစ်လုံးကို တွေ့ရ၏။

မင်လုချွမ်း၏ ငယ်ဘဝနှင့်ပတ်သက်ပြီး အမှတ်တရတစ်ခုခုတွေ့ရဖို့ မျှော်လင့်ခဲ့သော်လည်း ရှဝမ်နန် ရှာဖွေတွေ့ရှိသမျှက ဗီရိုပုပေါ် တင်ထားသည့် လူစုရိုက်ထားသော ဓာတ်ပုံတစ်ပုံသာ။

ဆယ်ကျော်သက်တုန်းက ရိုက်ကူးခဲ့ဟန်ရှိသော ထိုပုံထဲမှလူတစ်စုတွင် မင်လုချွမ်းကို တွေ့ရသည်။ ထိုအရွယ်ကတည်းက မင်လုချွမ်းမှာ အတော် အရပ်ရှည်နေပြီဖြစ်ကာ လက်ရှိအချိန် ချောမောသည့်အရိပ်အယောင်များကလည်း သူ့မျက်နှာအစိတ်အပိုင်းများတွင် ထင်ဟပ်နေခဲ့ပြီးသား။ မင်လုချွမ်းဘေးမှာ ရပ်နေတာက တစ်ထေရာတည်းတူသော အမြွှာညီအစ်ကို မင်စီချန်းနှင့် မင်စီယန်းဖြစ်သည်။ ထိုကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှီရပ်နေသည်မှာ အတော်လေး ရင်းနှီးချစ်ခင်ပုံပါပေ။

နောက်ပြန်လှည့်ရန် လမ်းမရှိ || ဘာသာပြန်Where stories live. Discover now