အဲ့သည့်သူငယ်ချင်းကို ဆောင်းဟွန်းသိခဲ့ရတာဟာ အနားစွန်းတွေယိုရွဲနေတဲ့ ခပ်ညစ်ညစ်ဖျင်တဲစုတ်လေးတစ်ခုအောက် မိုးအကာ ခိုလှုံရင်းနဲ့ အမှတ်မထင်ရာက စတင်တယ်။
ယတိပြတ်တော့ မမှတ်မိပေမယ့် အဲ့သည့်နေ့ဟာ ဘုရားကျောင်းကအပြန်မို့ တနင်္ဂနွေများစွာထဲက တစ်ရက်ဆိုတာလောက်ပဲ။
"hey"
"မင်းမှာ ထီးအပိုပါလာလား""ပါမှတော့ ဒီမှာလာပြီးပုန်းနေမလား"
"ဟုတ်သားနော် ဟားဟား"
ရှက်ကိုးရှက်ကန်းနဲ့ ရယ်ကျဲကျဲပြုံးနေတဲ့ ရီမောသံကြောင့် တဒင်္ဂတော့ ဆောင်းဟွန်းဟာ သူသိပ်ကြောက်တဲ့ မိုးခြိမ်းသံတွေကိုတောင် မေ့ထားခဲ့မိပုံပါ။
ညနေအိမ်အပြန်မှာ ညီမလေးယယ်ဂျီနဲ့အတူပြိုင်ဆော့နေကြ Sudokuအကြောင်းကိုသတိရဖို့လည်း ဆောင်းဟွန်း အမှတ်တမဲ့ဖြစ်ခဲ့သေးတယ်။
"ငါက ပြီးခဲ့တဲ့သုံးပတ်ကမှ သြစတြေးလျကနေ ပြောင်းလာတာလေ။မင်းက ငါတို့ကျောင်းမှာ ရေခဲပြင်စကိတ်စီးတဲ့တစ်ယောက်မို့လား"
"တန်းခွဲမတူပေမယ့် ကောင်မလေးတွေပြောနေသံခနခနကြားနေရတော့ မှတ်မိနေတာ"
"အင်း..."
"ဘာကြီးလဲ"
"မင်းက 'အင်း'တစ်ခုပဲ reaction ပြန်ပေးတတ်တာလား"နှုတ်ဆက်ဖို့အသင့်ပြင်လာရာ လက်ကိုပြန်လည်ဆွဲငင်ခြင်းမပြုဖြစ်ဘဲ မိုးရေစွေနေတဲ့ လက်ဖျားထိပ်ကလေးတွေဆီ မသိမသာငေးမိချိန်မှာ ဆောင်းဟွန်းကို ထိုကောင်လေးက စိတ်အလိုမကျလေဟန် မျက်စခဲသွားသေးရဲ့။
ဆောင်းဟွန်းက သည်အတိုင်း လူတွေနဲ့ရင်းနှီးလွယ်ရတာမျိုး မခုံမင်ရုံမို့မသိကျေးကျွန်ပြုလိုက်တာပါ။
အဲ့သည့်ကောင်လေးကတော့ အတည်ပေါက်ကြီး စိတ်ဆိုးသွားလိုက်တာ မိုးစဲပြီး အိမ်ပြန်လမ်းဆီ ခွဲထွက်ကြလိုက်ရတဲ့အထိပဲ။
ကနဦးတုန်းက အိမ်ပြန်လမ်းတစ်လျှောက်တွေးရင်း ဆောင်းဟွန်း ခပ်လွယ်လွယ်ထင်မှတ်ခဲ့တာဟာ သည်တစ်မိုးကုန်ရင် ဘယ်တော့မှမဆုံတော့မယ့် သူစိမ်းတွေအဖြစ် တနေရာစီပျံလွင့်သွားနိုင်လောက်မယ်ပေါ့...။
ဆောင်းဟွန်းမမျှော်လင့်ခဲ့ဘူး...။
သူ့ဘဝပြက္ခဒိန်တွေမှာ အဲ့သည့်ကောင်လေးရဲ့အတ္ထုပ္ပတ္တိတွေဝေဆာလာမယ့် သက္ကရာဇ်မျိုးရှိလာနိုင်မယ်လို့...။
နည်းနည်းလေးတောင်မှ ပုံမဖော်ဖြစ်ခဲ့ပါဘူး။
ဆီးနှင်းခဲတဲ့ လမ်းကျဥ်းတွေအစ၊
ရွက်ကြွေဝေတဲ့ လမ်းမကျယ်တွေတဆုံး။အချစ်ဆုံးသူငယ်ချင်း၊
အစားထိုးမရမယ့် ကမ္ဘာတစ်ခြမ်း၊
ရံဖန်ရံခါတော့ အမုန်းဆုံးလောက်အချိုးညီသွားတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအကြောင်း အကျယ်လောင်ဆုံး ညည်းတွားမိလာလိမ့်မယ်လို့လေ....။
= = = = = = = = = = = = = = = = = = = = =
🍁-
ဒီလိုvibeလေးထရေးချင်စိတ်ဖြစ်လာလို့။
sungjakeကိုပဲပြေးပြေးမြင်မိတော့လေ ><