"ဆောင်းဟွန်းနီး!ငါ ဒီမှာ""ဘာလို့နောက်ကျနေတာလဲဆောင်းဟွန်းနီး"
တဖွဲဖွဲသည်းနေတဲ့ မိုးစတွေကြားကနေ လက်ယက်လှမ်းလာသည့် လက်ကလေးထံမှ ခေါ်ဆိုသံဟာ ခပ်ယဲ့ယဲ့။
မြင်တာနဲ့ ဆောင်းဟွန်းကိုစတင်နှုတ်ဆက်ပုံဟာ ပုံမှန်အတိုင်း ရယ်ကျဲကျဲပေါ့။
နောက်ကျသည်လို့ ယိုးမှားစွပ်စွဲသူရဲ့အပြောကြောင့် လက်ပတ်နာရီထံငုံ့ငေးတော့ ချိန်းထားတဲ့အချိန်ကို တစ်မိနစ်လေးတောင် စွန်းမနေခဲ့ဘူး။
ဒါပေမယ့်လည်း စောဒကတက်ပြီးအနိုင်ပိုင်းရတာကိုမှ ပျော်မွေ့သူရဲ့စိတ်အလိုတကျအတိုင်း လိုက်လျောဖို့ရာ ဆုံးဖြတ်လိုက်ရချိန်မှာ ဆောင်းဟွန်းရင်ထဲ ထပ်တရာပန်းတွေဝေဝေဆာဆာ ပွင့်လန်းရတော့တာပါပဲ။
သုံးစားမရတဲ့ ရေခဲချောင်းထိပ်ပိုင်းကို ကျီစယ်ကျွေးလာသူဟာ ဂျယ်ယွန်းဖြစ်နေတာမို့ အသာတကြည်စားရချိန်မှာလည်း နှလုံးခုန်သံတွေဟာ ကောင်းကင်ဘုံဆီ အလိုလိုခုန်တက်ရပြန်တာ။
ရူးကြောင်ကြောင်နိုင်မှန်းသိသိရက်နဲ့ ကျူးလွန်မိလိုက်ပုံများ အဲ့သည့်လောက်တောင်ပဲ ချစ်မိနေရလား ကိုယ့်ကိုယ်ကိုယ် သြချရဖွယ်ရာပါ...
"ဆိုင်က ဖွင့်နေပြီကွ"
"ငါ့ကလေးလေး သူများဦးသွားတော့မှာပဲ"မပြေးရုံတမယ်လျှောက်နေတဲ့ ခပ်စိပ်စိပ်ခြေလှမ်းတွေနောက် အမီလိုက််မိတော့ ရပ်တန့်သွားလိုက်ရတာဟာ ငါးကန်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့မျက်နှာစာမှာပေါ့။
ဂျယ်ယွန်းပြောတဲ့ သူ့ကလေးလေးဆိုတာ အလှမွေးငါးတွေမှန်း ဘယ်သူကမှန်းဆမိမှာမို့လဲလေ။
အများအားဖြင့်တော့ ဂျယ်ယွန်းဟာ သူနဲ့ဆန့်ကျင်ဘက်ကမ္ဘာက အထုံပါရမီနဲ့အလေ့အထတွေရှိတဲ့ ခပ်ကြောင်ကြောင်သူငယ်ချင်းတစ်ယောက်လို့ပဲ ဆောင်းဟွန်းကောက်ချက်ချဖြစ်တော့တယ်။
ကျောင်းပြန်ချိန်တွေဆို သေးနုပ်တဲ့အလှမွေးငါးတွေ ဝယ်ချင်ဝယ်နေပြီး၊တခါတလေကြလည်း မြစ်ဆိပ်နံဘေး ငါးဝင်မျှားရင်း ငါးမရရင်တော့ ပြန်လာတဲ့တစ်လမ်းလုံး သူ့ကမ္ဘာနဲ့သူ ဒေါသူပုန်ထနေတော့တာပါပဲ။