လွန်ခဲ့တဲ့ ကောက်သစ်စားပွဲတော်တုန်းက ဖိုးဖိုးဟာ သူ့မျက်စိရှေ့တင် မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့ မြေးဦးလေး ဆောင်းဟွန်းကို သည်လိုရယ်ကျဲကျဲပြောခဲ့တယ်။
စက်ဘီးတစ်စီးလို မပျက်မယွင်းချင်းလည်နေတဲ့ဘဝရဲ့ခွေးသွားစိတ်တွေနဲ့တူတဲ့ပြေးလမ်းတွေမှာ သူငယ်ချင်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ရတာကတော့ ပြိုင်မြင်းတစ်ထောင်ရဲ့အသုံးဝင်ခြင်းထက် သာလွန်ပါသတဲ့။
အပေါင်းအသင်းမင်သူ မေမေ့လက်သုံးစကားမှာတော့ ယုံကြည်အားထားရတဲ့ မိတ်ဆွေကောင်းတစ်ယောက်ဟာ နတ်ဘုရားတစ်ပါးနဲ့ညီမျှမတတ်ဘဲ။
ဘယ်လိုပင် မျိုးရိုးဗီဇတွေက လက်ဆင့်ကမ်းတတ်တယ်ဆိုဆို ဖိုးဖိုးနဲ့မေမေ့လိုတော့ ဆောင်းဟွန်းဟာ မိတ်ဆွေအရင်းအချာ၊ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ဆုံတွေ့သိမြင်ရဖို့ စိတ်အားထက်သန်တဲ့လူစားမျိုးမဟုတ်ခဲ့ဟန်ပါ။
သူစိမ်းတွေနဲ့ရင်းနှီးဖို့ကြိုးပမ်းရမယ့်အစား ဆောင်းဟွန်းက သူသိပ်မုန်းတဲ့ လက်တွေ့သင်္ချာသင်ခန်းစာတွေအတွက်သာ ခေါင်းငိုက်စိုက်လို့ ကြိုးစားလိုက်ပြဖို့ အားတက်သရောပိုဖြစ်နေလောက်မယ်။
"ဆောင်းဟွန်းရှီး"
"အိမ်မပြန်သေးဘူးလား။အချိန်လင့်နေပြီ""နောက်ထပ်တစ်နာရီလောက်ခန်းမသုံးခွင့်ပေးပါ။ကျနော် Lutz ကျင့်ချင်သေးတယ်"
"ကောင်းပြီလေ"
"မင်းပြန်ရင် အခန်းသော့အပ်သွားဖို့မမေ့နဲ့ဦး"နေ့စဥ်အမျှ အပတ်တကုပ်ကြိုးစားတဲ့ သူ့ရဲ့သင်တန်းသားကို လက်ပြဝေ့ယမ်းနှုတ်ဆက်ပြီးသည်နှင့်တပြိုင်နက်ထွက်ခွာသွားသော နည်းပြဂင်၏ကျောပြင်ကျယ်။
လာမည့် ခြောက်လအတွင်းကျင်းပလာတော့မယ့် လူငယ်အိုလံပစ်ပွဲအတွက် စိတ်ချလက်ချအိပ်မောကျနိုင်ဖွယ်ရာ အရိပ်အငွေ့တွေမတွေ့ရလင့်ကစား ထိုလူက သင်တန်းသားတွေကို ဖိအားထပ်မပေးတော့ဖို့ စိတ်ပိုင်းဖြတ်ထားသယောင်အလား။
ပြီးခဲ့တဲ့အိုလံပစ်တုန်းက စိတ်ပိုင်းဆိုင်ရာနွမ်းလျမှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့ လက်ရွေးစင်ကစားသမားရဲ့ သတင်းခေါင်းစီးပိုင်းကြောင့် အသင်းအဖွဲ့တစ်ခုလုံးအပြင် တစ်နိုင်ငံလုံးအတွက် ရိုက်ခတ်ညံစီသွားတဲ့ဖြစ်စဥ်အပြီးမှာ နည်းပြချုပ်တွေဟာ ယခင်ကထက် စည်းမျဥ်းစည်းကမ်းတချို့ကို ပြေလျော့ပေးလာသည်ရဲ့လေ။