" ဟဲ့ အဲ့တာ အိုဆယ်ဟွန်းလေ "ဘေးခုံမှ ကောင်မလေးနှစ်ယောက်ပြောသံကို ကြားမိတော့ ဂျုံအင် စာရွက်ပေါ် ဟိုခြစ်ဒီခြစ်လုပ်နေရာမှ အရှေ့တည့်တည့်ကို အကြည့်တစ်ချက်ပို့မိသည်။ဘတ်စကတ်ဘော အင်္ကျီဝတ်ထားပြီး ချွေးတလုံးလုံးနှင့် အိုဆယ်ဟွန်းဆိုတဲ့ စီနီယာက မိန်းကလေးတွေရူးတယ်ဆိုလည်း ရူးချင်စရာပါပဲ။ရုတ်တရက် ချွေးကို သပ်ချလိုက်တဲ့ပုံကအစ ကြည့်ကောင်းနေသည်။စီနီယာက ဂျုံအင်တို့ ထိုင်နေတဲ့နားကနေ ဖြတ်ပြီး တစ်ဖက်ကိုလျှောက်သွားသည်။ချွေးတွေလွန်ကဲစွာထွက်နေပုံရပေမယ့် လေအဝေ့မှာ ကျန်နေခဲ့တဲ့ ကိုယ်နံ့က နံမနေ။
" အရမ်းကြည့်ကောင်းတယ်နော် "
" အေးဟယ် အရမ်းပဲ .. အရင်ဘဝက ဘာတွေများလုပ်ခဲ့တာလဲမသိဘူး "
နားထဲ တိုးဝင်နေတဲ့စကားသံတွေပျောက်သွားအောင် ဂျုံအင် သီချင်းသံကို ပိုကျယ်လိုက်မိသည်။နားကြပ်ဆီမှ လာနေတဲ့ သီချင်းကို အစပိုင်းက အာရုံစိုက်နိုင်နေပေမယ့် မိနစ်ဝက်ခန့်ကြာတော့ ကျောခိုင်းသွားတဲ့ ကျောပြင်ရှိရာကို ငေးကြည့်လိုက်မိသည်။
" ဆောရီးနော် ကားပိတ်နေတာနဲ့ နောက်ကျသွားတယ် .. ဒီနေ့ နေ့လည်စာ ငါကျွေးပါ့မယ် "
" အင်း "
အယ်ရာ့ကို ခေါင်းညိတ်အဖြေပေးရင်း စာအုပ်တွေကို လွယ်အိတ်ထဲ ဖြစ်သလိုထိုးထည့်လိုက်သည်။စာရွက်ပြောင်ပေါ်မှာ တစ်စုံတစ်ယောက်၏ ကျောနံပါတ်ကိုသာ ရေးခြစ်မိထားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်တော့ပေ။
•~•
တက္ကသိုလ်ပထမနှစ်ရဲ့ နေ့ရက်တွေက ဂျုံအင်လို လူအတွက်တော့ သာမန်ပင်။ဒါပေမယ့် တခြားသူတွေကတော့ အရမ်းပျော်နေပုံပေါက်သည်။Club တွေမှာ အဖွဲ့ဝင်အသစ်ခေါ်ယူခြင်းဖြင့် အလုပ်ရှုပ်နေသည့် နေ့ရက်တွေမှာဖြစ်သည်။
ဂျုံအင်က အယ်ရာနှင့်အတူ ပန်းခြံလျှောက်လမ်းဘေးက သစ်သားခုံမှာ အတူထိုင်နေတာဖြစ်သည်။အယ်ရာက ဖုန်းသုံးနေသလို သူကလည်း sketchbook ပေါ် ဟိုခြစ်ဒီခြစ်။
" ဘတ်စကတ်ဘောအသင်းက အဖွဲ့ဝင် အသစ်တွေခေါ်နေတယ်တဲ့ .. ဒါပေမယ့် စိတ်မကောင်းစွာပဲ ငါတို့က မိန်းကလေးတွေဖြစ်နေတယ် "