" စီနီယာ ဟိုနေ့က မုန့်ဝယ်ကျွေးတာ ကျေးဇူးတင်စကားမပြောလိုက်ရလို့ "စာသင်ဆောင်အနီး ခုံတန်းလေးမှာ တစ်ယောက်တည်းထိုင်နေတဲ့ စီနီယာဆယ်ဟွန်းကို ဂျုံအင်စကားစလိုက်သည်။
နားကြပ်(Airpods Max)တပ်ထားပေမယ့်လည်း ဂျုံအင်ပြောတာကို ကြားပုံရသည့် စီနီယာဆယ်ဟွန်းက နားကြပ်ကို လည်ပင်းမှာ ပြောင်းချိတ်သည်။ဂျုံအင့်ထက် အရပ်အနည်းငယ်ရှည်ပြီး စီနီယာဆယ်ဟွန်းက မဲနက်နေသည့် ဆံပင်တွေကို သေချာပုံသွင်းထားသည်မို့ အတော်လေး ကြည့်ကောင်းနေသည်။မဟုတ်ဘူး။ချွေးစိုနေတဲ့ ဆံပင်တွေနဲ့ဆိုလည်း ချောပါသည်။
" ငါ ကျွေးတာမှန်း ဘယ်လိုသိလဲ "
" စီနီယာက ချောလို့ "
" ဘာ "
" ဟင် "
စိတ်ထဲတွေးနေမိတာက နှုတ်မှထွက်ကျလာတော့ စီနီယာဆယ်ဟွန်းက မျက်မှောင်ကျုံ့ပြီး အော်သည်။ဂျုံအင်ကတော့ ရှက်လွန်းလို့ ပါးတွေပင် ပူတက်လာ၏။
" ဟို .. အဲ့ဒီနေ့က ဘယ်သူ့ကိုမှ ကျေးဇူးတင်စကားမပြောလိုက်ရလို့လေ .. စီနီယာတို့က တစ်ဖွဲ့တည်းဆိုတော့ "
ရှက်စိတ်နှင့်အတူ ဂျုံအင် ထစ်ထစ်အအဖြေရှင်းတော့မှ စီနီယာဆယ်ဟွန်း၏မျက်ခုံးတွေက ပြေလျော့သွားလေသည်။ထို့အခါမှ ဂျုံအင်စိတ်ထဲ တော်ပါသေးရဲ့ဟု ရေရွတ်လိုက်မိသည်။
" အင်း "
" အဲ့ဒီနေ့က ကျွန်တော့်သူငယ်ချင်း နည်းနည်းရိုင်းသလိုဖြစ်သွားတာလည်း တောင်းပန်ပါတယ် "
" ရတယ် "
" ဟုတ် "
စီနီယာဆယ်ဟွန်းက တစ်ခွန်းပဲ ပြန်ပြောသည်မို့ ဂျုံအင်မှာ ဆက်ပြောစရာစကားမရှိတော့တာကြောင့် အူလည်လည်ဖြစ်နေတော့သည်။ဒီတိုင်းပဲ ထွက်သွားလိုက်ရတော့မလား။
" ခြေထောက် သက်သာလား "
" ဟုတ် .. အဲ့ဒီနေ့က နောက်ကျနေလို့ စက်ဘီးနင်းတာ အားအရမ်းသုံးလိုက်မိတာ "
" ဒဏ်ဖြစ်ထားဖူးရင် ဂရုစိုက် "
စီနီယာဆယ်ဟွန်းက ဂျုံအင့်ခြေထောက်ဒဏ်ဖြစ်ဖူးတာ ဘယ်လိုသိလဲမသိ။ဂျုံအင် မေးဖို့ပြင်လိုက်ချိန်မှာ စီနီယာက အဆောက်အဦးတစ်ခုထဲကို ဝင်သွားပြီဖြစ်သည်။