" စီနီယာဆယ်ဟွန်းက ဘာဖြစ်နေတာလဲ "" မသိပါဘူး ဒီရက်ပိုင်းနည်းနည်းစိတ်ဆတ်နေတယ်ထင်တယ် "
ဂျုံအင် အဖွဲ့ဝင်တစ်ယောက်၏ အဖြေကြောင့် ဘာမှဆက်မပြောနိုင်ဘဲ ခပ်လှမ်းလှမ်းက အမှားလုပ်မိတဲ့သူကို ငေါက်နေတဲ့ စီနီယာဆယ်ဟွန်းကိုသာ ကြည့်မိတော့သည်။၂ပတ်ခန့်အနားယူပြီး ပထမဆုံးပြန်စတဲ့နေ့မှာမှ စီနီယာဆယ်ဟွန်းက ကြောက်စရာကောင်းနေသည်။
ဂျုံအင်ကို ကြည့်ပေးနေတဲ့အချိန်မှာလည်း မျက်ခုံးတို့ကို စုကျုံ့လို့ထားသည်။စီနီယာဆယ်ဟွန်းမို့လို့ ကြည့်ကောင်းနေတဲ့ မျက်ခုံးတန်းက ခပ်တည်တည်မျက်နှာထားနှင့် ပေါင်းလိုက်တော့ ဒေါသထွက်နေတာတောင် ချောပါသည်။
" ဂင်ဂျုံအင် .. အဲ့လိုအမှားမျိုး ကလေးတောင်မလုပ်တော့ဘူး .. ဒါလေးတောင်မသိဘူးလား သေချာမှတ်မထားဘူးလား "
" ဟုတ် မှတ်ထားပါတယ် "
" မှတ်ထားရင် သေချာလုပ်လေ "
" ဟုတ် "
စီနီယာဆယ်ဟွန်းနှင့်စကားတွေ အများကြီးပြောချင်ပေမယ့် ဒီလို အပြစ်ပြောတဲ့စကားတွေမဟုတ်တာမို့ မြန်မြန်ပြီးအောင် ခေါင်းသာညိတ်ပြလိုက်သည်။သို့ပေမယ့် ထိုအရာကပဲ စီနီယာဆယ်ဟွန်းကို အလိုမကျစေတာဖြစ်မည်။
" ငါပြောတာကို အလေးမထားတာလား .. ပြီးစလွယ်ခေါင်းမညိတ်နဲ့ "
" အဲ့လို မဟုတ်ပါဘူး "
ဂျုံအင်ကို စူးစိုက်ကြည့်ကာ ပြောတာမို့ ဂျုံအင် အကြည့်လွှဲပစ်ရင်း ပြောလိုက်မိသည်။အဆူခံနေရတာမို့ ဂျုံအင်စိတ်ကလေးက အနည်းငယ် ဝမ်းနည်းချင်လာသည်။သို့ပေမယ့် မျက်ရည်တွေဝဲခွင့်မပြုမိ။
" ဆယ်ဟွန်း "
စီနီယာတစ်ယောက်က ဂျုံအင်နှင့် စီနီယာဆယ်ဟွန်းကြား ဝင်ရပ်တော့ စီနီယာဆယ်ဟွန်းက တောက်ခေါက်ပြီး အဝတ်လဲခန်းဘက်ကို လှည့်ထွက်သွားသည်။
" ဆယ်ဟွန်းက ဒီရက်ပိုင်း နေသိပ်မကောင်းလို့ပါ ဂျုံအင်ကပဲ နားလည်ပေးပါဦးနော် "
" ဟုတ် "
ဂျုံအင် ခေါင်းညိတ်ပြလိုက်တော့ စီနီယာက ဂျုံအင်၏ ပုခုံးကိုပုတ်ကာ ထွက်သွားသည်။ဂျုံအင်တို့ကို အာရုံစိုက်နေတဲ့ အဖွဲ့သားတွေလည်း ကိုယ့်အာရုံနှင့်ကိုယ် ပြန်ဖြစ်သွားကြသည်။