၀ံပုလွေ၏ သွေးဆောင်ဖြားယောင်းမှု
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း၂ သေဖို့က အဲ့လောက်မလွယ်ဘူး
နာတယ်။
တစ်ကိုယ်လုံး မနာသည့် နေရာဟူ၍ မရှိပေ။
သေသွားပြီလား?
ဒီစာလုံးနှစ်လုံးက ခေါင်းထဲ ဖြတ်သွားသည့် အချိန်မှာပင် ၊ အရင်နှစ်ဆယ့်ခြောက်နှစ်က ရှုပ်ထွေးနေသည့် ဘ၀မှာ ရုတ်တရက်ဆိုသလို ဘီယာစည်ကြီး ပေါက်ကွဲသွားသလိုမျိုး ၊ တစ်စက္ကန့်အတွင်းမှာပင် မျက်စိအပြည့် မွစာကြဲ၍ အမြှုပ်တွေ ပလုံစီသွားခဲ့သည်။
လူတစ်ယောက်ချင်းစီ၏ မျက်နှာများက အမြန်လှန်လိုက်သည့် ဓာတ်ပုံအယ်လ်ဘမ်တစ်အုပ်လိုမျိုး တစ်ခုချင်း တစ်ခုချင်း သူ့ဆီ ပြေး၀င်လာခဲ့ကာ ၊ ဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့သည်။ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများက ပိုပိုပြီး ပြင်းထန်လာသည်။တကယ်လို မထင်ထားခဲ့မိပေ။ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ ထားလိုက်ပါတော့။သေတာကလည်း ဒီလောက် ခက်ခဲနေသည်။ရွှီပေမှာ အရမ်းကို နာကျင်စွာဖြင့် ကိုယ့်အတွက်ကိုယ် ခဏလောက် စ်ိတ်ဖိစီးသွားမိသည်။
သို့သော်လည်း သူ အမြန်ပင် သတိထားလိုက်မိသည်။ကိစ္စက သူ တွေးထားသလိုမျိုး မဟုတ်နေသလိုပင်။
"ရဲတိုင်လိုက်ရမလား?"
"သတိရလာပြီ ၊ မသေနိုင်ပါဘူး......" ဘေးနားတွင် လူတစ်ယောက်က စကားပြောနေပြီး ၊ သူ့စ်ိတ်ထဲ ဂရုအစိုက်ဆုံး ဖြစ်နေသော မေးခွန်းကို ဖြေပေးလာသည်။
ခန္ဓာကိုယ်တစ်ခုလုံးစာ မခံနိုင်အောင် နာကျင်နေတာမျိုး မဟုတ်ပါက ၊ အခု သေချာပေါက် အသံထွက်အောင် ရယ်လိုက်မိမှာဟု ရွှီပေ တွေးနေမိသည်။ငါလူး ၊ လောင်ဇီ မသေသေးဘူး။သူက အမှိုက် ၊ သူ့လိုလူမျိုးက သေသွားရင်တောင် ငရဲမင်းက လက်မခံဘူးဟု တစ်ခါတုန်းက အမေ သူ့ကို ဆဲခဲ့ဖူးသည်။ဤသည်မှာ အမေက သူ့အပေါ် မရေမတွက်နိုင်အောင် မကောင်းသော မှတ်ချက်များ ပေးခဲ့သည့်အထဲတွင် အတိကျအမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပင်။အခု လက်ရှိကိစ္စက သက်သေပြနေသည်။အမေက ရှေ့ဖြစ်ဟောသူ ဆိုတာကိုပင်။