၁။ အတ္တသစ္စာ နိဒါန်း
'ငါ့ရဲ့ဇာတာခွင်မှာ ရန်သူ၊လူယုံ လုပ်ကြံလို့မရ၊ အာဏာပါးကွက်သားသတ်လို့ သေရိုးထုံးစံမရှိ၊ ဥပစ္ဆေဒကကံ အဟောသိ တဲ့...'
ပုဂံမြေ၏ ကောင်းကင်တွင် မိုးကြိုးတွေ၊ လျှပ်စီးတွေ အဆက်မပြတ်ပစ်ခွင်းနေကာ မိုးကလည်း သည်းထန်စွာ ရွာသွန်းနေသည်။
နတ်သမီးကမ်းပါးထိပ်ရှိ ကျောက်ကမူတစ်ခုပေါ်မှာ မိုးလေမုန်တိုင်းကို မမှုဘဲ ခပ်မိန့်မိန့်ထိုင်နေသူတစ်ယောက်ရှိ၏။ လျှပ်စီးတွေ ၊ တံလျှပ်ရောင်တွေကြားက ထီမထင်အပြုံးနှင့်မျက်နှာသည် နဖူးထိပ်မှသွေးအလိမ်းလိမ်းစီးကျနေသည့်တိုင် မာနကြီးစွာ မော်ချီနေသည်။ လက်ထဲမှာကိုင်ထားသည့် ဓားသည်လည်း လျှပ်စီးတစ်ချက်လက်သွားတိုင်း ရောင်စဥ်တန်းတွေ ဖြာထွက်နေပြီး ထိုသူ၏ စူးရှသော မျက်လုံးများက ဓားရောင်နှင့်အပြိုင် တလက်လက်တောက်နေ၏။ ပခုံးကျော်သောဆံပင်ရှည်တို့က နဖူးမှာ ဝဲကျနေပြီး လည်ကုပ်စပ်မှ သွေးများက မိုးရေနှင့်အတူ တစက်စက်ယိုစီးကျနေသော်ငြား နာကျင်မှုကို ဖြုံပုံမရှိချေ။
ထိုသူက ဓားကို မြှောက်ပင့်လိုက် ဖမ်းယူလိုက်နှင့် ဆော့ကစားနေပြီး လက်နက်ကိုယ်စီနှင့်ဝိုင်းပတ်ခြံရံထားသည့်လူစုကို တစ်ယောက်ချင်းစီ ဝေ့ကြည့်သည်။
'မင်းတို့သခင်က ငါ့ကိုလုပ်ကြံဖို့ စေလွှတ်လိုက်တယ်မဟုတ်လား...'
သူ့အသံက မိုးလေနှင့်အပြိုင် ဖောက်ထွက်လာကာ...
ငါ့ကို ထိပ်တိုက်ရင်မဆိုင်ရဲတော့လည်း လက်သပ်မွေးထားတဲ့ခွေးတွေကိုပဲ အမဲလိုက်ခိုင်းရတာပေါ့...သတ္တိကြောင်လိုက်တဲ့သောက်ကောင် ရာဟု...သူတောင်းစား...စစ်တပ်နဲ့ပေါင်းပြီး ငါ့နယ်မြေကို ကမောက်ကမဖြစ်အောင်လုပ်တယ်... သင်းကပဲ နစ်နာသူပုံစံဖမ်းပြီး မသိနားမလည်တဲ့သူတွေကို အယုံသွင်းလှည့်စားဦးမယ်.. ဒုက္ခိတဖြစ်သွားတော့ ပိုပြီးမျက်ရည်ချူလို့ ကောင်းတာပေါ့..အဟက် ဟက်...'
ခပ်သဲ့သဲ့ရယ်ရင်း ခေါင်းမော့လျှင် မိုးရေစိုနေသည့်ဆံပင်တို့က ကျောဘက်သို့ လွင့်ခနဲ ပါသွား၏။
'စစ်မှန်တဲ့ဘုရင်လို့ကြွေးကြော်နေတဲ့ခင်ဗျားကရော ပရိယာယ်ကင်းခဲ့လို့လား...ရိုးသားဖြူစင်ခဲ့လို့လား... ဘယ်လောက်တောင်ကြီးမြတ်နေလို့လဲ...'
'လောကမှာ ရိုးသားဖြူစင်ပါတယ်ဆိုတဲ့လူတွေပဲ အင်အားနည်းကြတာ...ပျော့ညံ့ကြတာ...ငါက ကြီးမြတ်တဲ့သူဖြစ်ချင်တာမဟုတ်ဘူး...အင်အားကြီးတဲ့သူဖြစ်ချင်တာ... ကြီးမြတ်ပါတယ် ဖြူစင်ရိုးသားပါတယ်ဆိုတဲ့ကောင်တွေ ငါ့ခြေဖဝါးအောက်မှာ ပြားပြားဝပ်ဒူးထောက်ခစားတာကို လိုချင်တာ...ငါ့ခြေရင်းမှာ ခစားလာကြဖို့ ၊ ငါ့ကိုအန်တုရဲတဲ့သူ မျိုးတုံးဖို့ ငါ ဘယ်လိုနည်းလမ်းမျိုးသုံးရသုံးရ ပရိယာယ်ဆင်သင့်ရင် ဆင်မှာပဲ...ရက်စက်ရမယ်ဆို ရက်စက်မှာပဲ... ဒါပေမဲ့ ငါ့အာဏာစက်ကိုဖြန့်ကြက်ဖို့ ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား ပူးပေါင်းခယနေစရာ မလိုဘူး...'
'ခင်ဗျားလို ကောက်ကျစ်စဥ်းလဲတဲ့သူမျိုးက ဘယ်လောက်ထိ သြဇာသက်ရောက်မှုရှိနိုင်မှာလဲ...ခင်ဗျားရဲ့အာဏာစက်ကရော ဘယ်လောက်ထိ အဓွန့်ရှည်မှာမို့လို့လဲ... ထီးနန်းကိုရဖို့အရေး
အဖေကိုတောင် ပုန်ကန်ခဲ့တဲ့ရာဇဝင်နဲ့ နာမည်ဆိုးတွင်ခဲ့တာ ခင်ဗျားပါ...ကျုပ်တို့သခင်ကိုလည်း ခင်ဗျားစစ်ပွဲတွေထဲ မဆီမဆိုင်ဆွဲထည့်ခဲ့တယ်... တစ်လျှောက်လုံး လိုက်ပြီးဒုက္ခပေးခဲ့တယ်... သူ့ဘဝပျက်ခဲ့ရတာ ခင်ဗျားကြောင့်ပဲ စိုင်းစစ်ရန်ရှင်း...'
'တိတ်စမ်း...'
ငေါက်ငမ်းသံက မိုးခြိမ်းသံနှင့်အပြိုင် ကျယ်လောင်သွား၏။ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် လက်ထဲမှဓားသည် နာမည်ခေါ်လိုက်သူ၏ ပါးစပ်ပေါက်ကို တန်းမတ်စွာ ဖောက်ဝင်သွားကာ...
'အား!!!...'
အော်သံနက်ကြီးနှင့်အတူ ပက်ခနဲလန်၍ နောက်ပြန်ပြုတ်ကျသွားသူကို လှမ်းဆွဲချိန်မရလိုက်ဘဲ အားလုံးကြောင်ကြည့်နေကြသည်။ သူ့ဓားကတော့ လေဟုန်ကိုဆန်တက်၍ သခင့်လက်ထဲ ပြန်ရောက်လာခဲ့ပြီး...
'ဘာဇ,မှမရှိ ပုဆိုးခြုံထဲကပဲ လက်သီးပုန်းပြရဲတဲ့ကောင်၊ ဘုရားပွဲက အရူးကိုတောင် သေမလောက်ကြောက်တဲ့ကောင်ရဲ့ကျွန်တွေက ငါ့နာမည်ကို ခေါ်ရအောင် တန်လို့လား... မင်းတို့ ရှေ့တိုးလာခဲ့.. ရာဟုဆိုတဲ့သောက်ကောင် ငါ့ကိုဘာတွေအမှာပါးလိုက်သလဲ အကုန်ပြောစမ်း...'
သူ့အမေးကို ဘယ်သူမှမဖြေနိုင်ဘဲ ခေါင်းငုံ့နေကြသည်။
'ဘာလို့အသံတိတ်နေကြတာလဲ... စောစောကကောင်နောက်ကို လိုက်သွားချင်သလား...'
'ခဏ...ခဏလေးပါ ဇယဒီသအရှင်...'
ရှေ့ဆုံးမှလူက ဓားကိုတင်းကျပ်စွာဆုပ်၍ သူ့အနားထိ အရဲစွန့်တိုးရပ်သည်။
'သခင်ရာဟုက ကျန်းမာရေးမကောင်းပါဘူး... ဘယ်သူ့ကိုမှ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းမရှိသလို သူကိုယ်တိုင်တောင်မှ အိပ်ရာထဲလဲနေတာပါ... တကယ်တော့...တကယ်တော့ ကျုပ်တို့ကို စေလွှတ်ခဲ့တာ သခင်ကြီးနေထွဋ်ခေါင်ပါ...'
'ဘာ...'
'စစ်တပ်နဲ့ပေါင်းပြီး စတုရမ္မကို ကမောက်ကမအခြေအနေ ဖန်တီးခဲ့တာလည်း သခင်ကြီးပါ...'
'ဪ...ဪ...'
စောစောကပဲ အံ့သြဟန်လွှမ်းနေသည့်မျက်နှာက နာကြည်းရိပ်တွေနှင့် မဲ့ပြုံးတစ်ချက်ထင်သွားသည်။
'သခင်ရာဟုက မင်းသမီးနဲ့ထိမ်းမြားဖို့လက်ခံခဲ့တာ သခင်ကြီးအမိန့်ကြောင့်ပါ...'
YOU ARE READING
The Loyalty Of The Ego
Fantasyတစ်ကိုယ်တည်း ရယူပိုင်ဆိုင်လိုသည့်အချစ်၌ အတ္တမကင်းသော တပ်မက်ခြင်းတို့ပါ၀င်သည်ကို လှည့်ဖြားခြင်းကင်းစွာ တိုင်တည်ပါသည်။ သစ္စာလေးညှို့မှ ပစ်ခွင်းလိုက်သော အချစ်မြားသည် ချစ်ရသူ၏ နှလုံးသားဗဟိုသို့ တည့်မတ်စွာ စူး၀င်၍ အသည်းကို အသည်းချင်း ပြန်လည်တုံ့နှင်းရစေ...