⚡လဖမ်းမျှော်စင်ထက်က ပွဲဖျက်သူ

855 81 20
                                    


၃။ လဖမ်းမျှော်စင်ထက်က ပွဲဖျက်သူ

  'ဟိုးရှေ့မှာ ရွှေရောင်တောက်နေတာ ဘာကြီးလဲမေမေ...နန်းတော်ကြီးလား...'
   
    'ဒါပေါ့ သားရဲ့... ဝင်္ကပါတောင်ဆီက ဆဒ္ဒစန္ဒြရဟော်နန်းကြီးလေ...'
   
   ဝင်္ကပါတောင်ရှိ ဆဒ္ဒစန္ဒြရဟော်နန်းဆီသို့ မမောမပန်း ချီတက်နေကြသည့်လူအုပ်ကြီးက ဆောင်းမနက်ခင်းမှာ ဆူညံသံမျိုးစုံနှင့် တိုးဝှေ့နေကြသည်။
   
    'မြန်မြန်လျှောက်ကြပါဟဲ့... နောက်ကျရင် တို့သုရှင်ကို မတွေ့ရဘဲနေမယ်...'
   
    '၈နာရီတောင် မထိုးသေးပါဘူး... သုရှင်က ၈ခွဲမှ ထွက်လာမယ်ပြောပါတယ်...'
   
    'အခုလောက်လူကြပ်နေတာ.. ၈နာရီခွဲလို့တောင် ရောက်ပါ့မလား...'
   
    'အမလေး... အနောက်မှာလည်း လူတွေတန်းစီနေတာ... သူတို့အရေးကြီးဖို့လည်း ချန်ဦး...'
   
    တစ်ယောက်တစ်ပေါက် နေရာလုလျှောက်ရင်း အချင်းများနေကြသေးသည်။
   
    'ဟဲ့ ဟဲ့...အရမ်းမတိုးနဲ့လေ... ငါ့ပန်းစည်းတွေကို ထိမိကုန်တော့မယ်...'
   
    'အကဲပိုလိုက်တာ... ဒီလောက်လူကြပ်နေတာကို အဲဒီပန်းစည်းမထိမိအောင် လေပေါ်ပျံပြီး လျှောက်မှပဲရမယ်...'
   
    'မထိအောင် သေချာထိန်းလျှောက်ပေါ့ကွယ်... ဒါ တို့နှင်းဆီခြံထဲက ပွင့်တဲ့ပန်းတွေ... သုရှင်အတွက် အလှဆုံးနှင်းဆီပွင့်တွေချည်း ဦးဦးဖျားဖျားခူးလာခဲ့တာ... ပျက်စီးသွားလို့မဖြစ်ဘူး...'
   
  သဏ္ဍာန်မတူ၊ အရောင်ကွဲ လူများစွာတို့ တူညီနေသည့်အချက်က လက်ထဲမှာ နှင်းဆီဖြူတွေချည်း ကိုင်ဆောင်လာကြခြင်းပင်။
   
    'ကြားဖြတ်ရွေးကောက်ပွဲ ပြီးတာဖြင့် ကြာလှနေပြီကို ခုမှ ပြည်သူနဲ့တွေ့ပြီး မိန့်ခွန်းပြောချင်တယ်ဆိုတော့ တစ်မျိုးပဲ...'
   
    'ဟော... ဒီနေ့က ပြာသိုလပြည့် နေ့ထူးနေ့မြတ်မဟုတ်လား.. ၂၀၁၈ခုနှစ်ရဲ့ပထမဆုံးနေ့မှာ တို့သခင်လည်း အသက်၅၀ပြည့်ခဲ့ပြီလေ...'
   
    'ဟင်...၅၀တောင် ပြည့်တော့မှာလား... ဟိုးတစ်ခါတုန်းက ဖျပ်ခနဲတွေ့လိုက်တာ အသက်ငယ်ငယ်ပဲရှိသေးသလားလို့...'
   
    'ရုပ်ရည်က တင့်တယ်ပြီး နုပျိုနေတာကိုး...အဲလောက်အသက်ရှိပြီလို့ ဘယ်ထင်ရပါ့မလဲ...'
   
    ပင်လောင်းမြို့၏ဆောင်းက အအေးဓာတ်ပိုကဲလွန်းသည်ထင်၏။ နေရောင်ခြည်က နှင်းထုကိုထိုးဖောက်ဖို့ မစွမ်းသာဘဲ မှိန်ဖျော့ဖျော့သာ လင်းဖြာနေသည်။
   
   'ဒါနဲ့ သူက အဖေကိုသတ်ပြီး နန်းလုခဲ့တာဆို...ဟုတ်လား...'
  
   'ဟယ်... ဘာတွေမေးနေတာလဲ...အသံတိုးစမ်းပါ... ကြားသွားမှဖြင့် ဒုက္ခ...'
  
   'ဒါဆို အဲဒီကိစ္စက အဟုတ်ပဲပေါ့...'
  
   'တို့တွေ မြင်ရကြားရတဲ့ကိစ္စတွေမှမဟုတ်ဘဲ...အမှန်လို့ ယူဆလို့ ဘယ်ရမလဲ...'
  
   'မသိပါဘူး နောင့်ယိင်းရာ... ကျွန်တော်တို့အဘိုးအဘွားတွေ ပြောဖူးလို့ပါ... သူက ရက်စက်ကြမ်းကြုတ်တယ်လို့လည်း သတင်းကြီးတော့လေ...'
  
   'ကြားစကားတွေ ပြောတိုင်းလည်း ကောင်းတာမဟုတ်ဘူး... ဆဒ္ဒစန္ဒြရကို ရောက်နေပြီ... စကားပြောဆင်ခြင်ဦး...'
  
   တိုးတိုးတိတ်တိတ်သတိပေးသံနှင့်အတူ ယူနီဖောင်းဝတ်လုံခြုံရေးတွေကို မြင်လိုက်ရမှ အသံတွေတိတ်သွားကြသည်။
လဖမ်းမျှော်စင်၏မြောက်ဘက် တံတိုင်းကြီးတွေမှတစ်ဆင့် ဖြတ်ကျော်၍ ဆဒ္ဒစန္ဒြရရင်ပြင်ဆီသို့ ရောက်ခဲ့ကြလျှင် လူစည်ကားလွန်းသဖြင့် ပွဲတော်ကြီးဟုပင် ထင်ရလောက်ပေသည်။

The Loyalty Of The EgoWhere stories live. Discover now