တုန်ရီနေတဲ့ သူ့လက်တွေကို လက်ဖဝါးကြီးကြီးတစ်ခုက ခပ်ကြမ်းကြမ်း ဖမ်းဆွဲလာသည် ။
တိုက်နောက်ဖေး လမ်းကြားလေးထဲ သူတို့ခြေသံတွေ ပဲ့တင်ထပ်သွား၏ ။
မညီညာတဲ့ လမ်းပေါ်က ချိုင့်ခွက်ငယ်ထဲ တက်နင်းမိတော့ အိုင်နေတဲ့မိုးရေတွေက လျှံစင်ကျကာ ဘောင်းဘီအနားတွေ စိုရွှဲကုန်သည် ။ ဒါပေမဲ့လည်း သူမမှုနိုင် ။
ပြေးနေရင်း သူ့နဖူးစပ်တွင် ချွေးစတွေသီးလာသည် ။ ချွေးတွေကြောင့် သူ့မျက်မှန် ချောပြီးကျွတ်ကျသွားမလားဟု စိတ်ပူရသေး၏ ။
ခြေထောက်တွေက မရပ်မနားပြေးနေရတာ မိနစ်အချို့ ကုန်လွန်လာသည်နှင့် သူ့အသက်ရှူသံတွေပင် စည်းချက်မမှန်ချင်တော့ ။ သူက သည်လောက်မှ အမောမခံနိုင်ဘဲ ။
သူ့ရှေ့ကလူကတော့ သိပုံမပေါ် ။
သူတို့နောက်က လိုက်နေသည့်ခြေသံတွေ နီးသေးလား၊ ဝေးကျန်ခဲ့ပြီလား တစ်ချက်သာ လည်ပြန်ကြည့်ပြီး ဆက်ပြေးနေသည် ။ ရပ်တန့်မည့်အရိပ်အယောင် မတွေ့ရ ။
သည်အတိုင်း ဆက်ပြေးနေလျှင် လွတ်လမ်းမရှိမှန်း သူသိသည် ။ လမ်းချိုးတစ်ခုကို ကွေ့ဝင်ပြီးတဲ့နောက် သူ့ရှိသမျှအားတွေနဲ့ ရှေ့ကပြေးနေသည့် အရပ်ရှည်ရှည်နှင့်လူကို ပြန်ဆောင့်ဆွဲလိုက်သည် ။
မှောင်ရိပ်ကျနေသည့် လူတစ်ကိုယ်စာလောက်သာ ဝင်ဆန့်သော တိုက်နှစ်ခုကြား နေရာလွတ်ကလေးကို သူမေးဆတ်ပြလိုက်သည် ။
ထုတ်ပြောနေစရာမလိုဘဲ ထိုလူက သူဘာကိုဆိုလိုသလဲ သဘောပေါက်၏ ။
မိုးကောင်းကင်က အုံ့မှိုင်းနေလျက် ။ အိုဟောင်းနေသော တိုက်တွဲများ၏ တံစက်မြတ်မှ မိုးရေစက် အကြွင်းအကျန်တို့က တပေါက်ပေါက် ကျဆင်းနေဆဲ ။
ဆယ်ယောက်ခန့်ရှိသော လူမိုက်အုပ်စု၏ ပြေးလွှားဆူညံသံများက ဘေးလမ်းကြားထဲ ဝင်ရောက်လာ၏ ။
အိမ်တွင်းပုန်းစာကြမ်းပိုးဖြစ်တဲ့ သူက ဒီလို လူမိုက်တွေကို မကြောက်ဘူးဆိုတာ လိမ်တာပင် ။ သူ အသက်ပင် အောင့်ထားမိပြီး လူမိုက်တွေ သူတို့နှစ်ယောက်ကို ရှာမတွေ့သွားပါစေနဲ့လို့ ဆုတောင်းနေမိသည် ။
YOU ARE READING
Hug Me Until Dawn | SunSun |
FanfictionIt's raining outside and we can't stop kissing as if gonna out of our last breath.