two

1.1K 161 10
                                    

ပတ်ခ်ဆောင်းဟွန်းက ခန့်မှန်းရခက်သည့် ရာသီဥတုလို လူစားဖြစ်သည် ။

သူစိတ်တိုင်းကျ ဆောနူအိမ်ပေါ် တက်နေချင်သည့်အချိန် ရောက်လာတတ်ပြီး ယခုလိုပဲ မပြောမဆိုနှင့် တိမ်လိုလေလို ပျောက်သွားတတ်သည် ။

ဆောနူ အိမ်ပြန်ချိန်တိုင်း လှေကားရင်းတွင် စီးကရက်အတိုအစတွေမတွေ့ရတာ တစ်လနီးပါးရှိပြီ ။

ဗီရိုထဲတွင် ဆောင်းဟွန်းဝယ်ပေးထားသည့်မုန့်တွေ ကျန်နေသေးသည် ။ ထိုသူ့ အဝတ်အစားတွေကလည်း ဆိုဖာပေါ်မှာတစ်ထည် ၊ မီးဖိုခန်းထဲတစ်ထည် ဟိုဟိုသည်သည် ပြန့်ကျဲလျက် ။

ထိုသူ ဘယ်တော့ပြန်လာမလဲ မပြောတတ် ။ နောက်တစ်ကြိမ် ကျောင်းသားလူမိုက်တွေနဲ့ ရန်ဖြစ်ပြီး ဒဏ်ရာရလာရင်လား ။ သူပျင်းလို့ နောက်ပြောင်စရာလူတစ်ယောက် လိုအပ်သည့်အခါတွင်လား ။

ဒါမှမဟုတ် ဆောနူက စိတ်ဝင်စားစရာမကောင်းမှန်း ရှာတွေ့သွား၍ နောက်ဘယ်တော့မှ ပြန်မလာတော့ဖို့ တွေးထားပြီးသည်လား ။

ထိုသူ ထားရစ်ခဲ့သည့် အငွေ့အသက်တွေနဲ့ အိမ်ထဲမှာ ဆောနူကို အထီးကျန်မှုက အဖော်ပြုသည် ။

အီ‌ကွေးရှင်းအမှားတွေနဲ့ စာရွက်ကို ဖြဲဆုတ်လုံးချေ၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည် ။

ပတ်ခ်ဆောင်းဟွန်း ... လူကို စိတ်အနှောင့်အယှက်ပေးတဲ့ အမှိုက်ကောင် ။

ဆောနူ မျက်လုံးထောင့်က မျက်ရည်ပူတွေကို လက်ခုံဖြင့် နာနာပွတ်သုတ်လိုက်သည် ။

___________________

ကျောင်းမှာ ဆောနူက ထူးချွန်ကျောင်းသားမဟုတ်ပေမဲ့ အတန်းမှန်ပြီး စာလိုက်နိုင်သည့်ထဲပါသည်ကြောင့် ယခုလို စာမေးပွဲဖြေခါနီးအချိန်တွေဆို အတန်းဖော်တွေက ဆောနူဆီ ပြုံတိုးရောက်လာတတ်သည် ။

စိတ်ထားမကောင်းဘူးဟု နာမည်တပ်ချင်လည်း တပ်ခံလိုက်တော့မည် ။ ဆောနူ ထိုသူများကို သူ့မှတ်စုတွေ နည်းနည်းလေးမှ မပေးချင်ပါ ။ ဆောနူ အပင်ပန်းခံ အတန်းတက်ထားတုန်းကဖြင့် ထိုသူတို့က လျှောက်လည်ပျော်ပါးနေကြပြီး ယခု အသုံးလိုမှ ဆောနူရေးမှတ်ထားသည့် စာများကို လာကူးချင်နေသည် ။

Hug Me Until Dawn | SunSun |Where stories live. Discover now