မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ရင်း ဂယူဗင်း ရူးသွားချင်လောက်အောင် စိတ်ညစ်နေမိတယ်။ အတန်တန်တောင်းပန်သည့်ကြားက မရမက ကိုယ့်ဆန္ဒကို ရှေ့တန်းတင်ပြီး လုပ်ရက်သွားသည့်သူကို အရေခွံစုတ်ပစ်ချင်နေတာ ဒီမှန်ရှေ့ထိုင်လိုက်သည့်အချိန်တိုင်း ထွက်ပေါ်လာသည့် ဆန္ဒတစ်ခုပင်။
"ညီလေးရေ"
ထုံးစံအတိုင်းတံခါးမခေါက်ဘဲ အသံကျယ်ကျယ်နဲ့ အခန်းထဲဝင်လာသူကို ဂယူဗင်းလှည့်တောင်မကြည့်ချင်။
"ဒီမှာကြည့်ပါအုံးကွာ။ မင်းဝတ်ဖို့ ငါကိုယ်တိုင် ကုန်တိုက်မှာသွားရွေးလာတာ"
လက်ထဲမှာပါလာတဲ့ အပြာရောင်အထုပ်ကြီးထဲက အစိမ်းရောင်တောက်တောက်ဟူဒီကြီးနဲ့ အနီဖြဲဖြဲ ဘောင်းဘီရှည်ကြီးကို အားပါးတရထုတ်ပြနေပြီး ဂယူဗင်းဝတ်ဖို့ဆိုပြီးလာပေးနေတာ အံ့ဩလို့ပင်မဆုံး။ နောက်နေတာလည်းမဟုတ် ၊အတည်ပေါက်ကြီးဝတ်ဖို့လာပေးနေတာပင်။
"ကျွန်တော်စိတ်ကြည်နေတာမဟုတ်ဘူးနော်။ "
စကားအရှည်ကြီးမပြောချင်တာမို့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ အစ်ကိုထယ်ရယ်က ဂယူဗင်းကို တောင်းပန်တဲ့အကြည့်နဲ့ကြည့်ပြီး မျက်လုံးကို တောင်ကြည့်မြောက်ကြည့်လုပ်နေလေရဲ့။ လုပ်ချင်တာလုပ်ပြီးမှ ဒါမျိုး မျက်ရည်လာဝဲပြီး ပေကလပ် ပေကလပ်လုပ်ပြနေလို့မရဘူး။ ကင်မ်ထယ်ရယ်ဆိုတဲ့ ဂယူဗင်းရဲ့အစ်ကိုတစ်ဝမ်းကွဲက အလျှော့ပေးလိုက်ရင် နှဖူးကိုပါ ဖနောင့်နဲ့တက်ပေါက်မယ့်လူစားမျိုး။
"မင်းကလည်း ငါကစေတနာနဲ့ပါ။ ပြီးတော့ဒီအရောင်က လှပါတယ်။ မင်းနဲ့ဆိုလိုက်မှာ"
"တော်ပြီဗျာ ကျွန်တော့်ဆံပင်ကိုဒီလိုဖြစ်အောင်လုပ်ပြီးပြီပဲ။ နောက်ထပ်ဘာတွေထူးထူးဆန်းဆန်းထပ်လုပ်ပေးချင်နေတာလဲ။ စိတ်ကကြည်နေတာမဟုတ်ဘူး"
ဟုတ်တယ်။ ဂယူဗင်းစိတ်မကြည်ရတဲ့အကြောင်းအရင်းက အခုလက်ရှိဆံပင်ပုံကြောင့်ပဲ။ ဘယ်နှယ့် မညှပ်ချင်ပါဘူးဆိုတာကို ဇွတ်အတင်းညှပ်ပေးပြီး ထွက်လာတဲ့ပုံကြတော့ ဇလုံကိုခေါင်းပေါ်ဆောငိးပြီး ကပ်ကြေးနဲ့ညှပ်ချထားသလိုပုံမျိုး။ အဲဒီနေ့က ညှပ်ပြီးပြီးချင်း ဂယူဗင်းမျက်ရည်တောင်ဝဲလိုက်သေးတယ်။သူကတော့ စိတ်ကြိုက်ညှပ်ပေးပြီး ဝမ်းသာပီတိဂွမ်းဆီထိနေလေရဲ့။ သူ့ကိုယ်သူလည်း "ထယ်ရယ်ကတော်လိုက်တာ၊ ထယ်ရယ်က မလုပ်တတ်တာမရှိဘူး"ဆိုပြီး တဖွဖွပြောရင်း ဂုဏ်ဆာနေလိုက်တာများ။
![](https://img.wattpad.com/cover/371199622-288-k96257.jpg)