သူစေလိုရာမိုးပြေးသည်
Episode 1Keyboard ဆရာဖွင့်ပေးထားတဲ့ စိုင်းသံတီးလုံးအဆုံးမှာ ခင်မိုးပြေးရဲ့ ကိုယ်ဟန်က အကျော့မော့ဆုံးကကြိုးလေးဖြင့် ခတ္တမျှရပ်တန့်သွားသည်။ ထိုအခိုက်အတန့်မှာပဲ စင်အောက်ရှိ ပရိသတ်များထံမှ လက်ခုပ်သံ တစ် ဖြောင်းဖြောင်းထွက်ပေါ်လာသည်။ ခင်မိုးပြေးက လက်အုပ်ကလေးချီပြီး ပရိသတ်ကို အရိုအသေပေးက စင်အနောက်ဘက်သို့ဝင်လိုက်သည်။ လူရွှင်တော်များက သူတို့အလုပ်သူတို့ဆက်လုပ်နေကြသည်။ ခင်မိုးပြေးက သက်ပြင်းတစ်ချက်ချရင်း နီးစပ်ရာခုံတစ်လုံးတွင်ထိုင်ချလိုက်သည်။
"ဘယ်လိုလဲ မင်းသမီး။ ပင်ပန်းသွားပြီလား"
"ဟုတ်ပ ဆရာရေ။ အမြဲကနေကျသူမဟုတ်တော့ ပိုပင်ပန်းသလိုပဲ။
"နင့်အလှည့်ပြီးပြီ။ ခေါင်းဆောင်မင်းသမီးကဖို့ပဲ ကျန်တော့တယ်ဆိုတော့ ပွဲဈေးဘက်သွားချင်သွားလေ"
"ကောင်းသားပဲ"
ခင်မိုးပြေးက ယဉ်ကျေးမှုတကွကသိုလ်ကျောင်းဆင်းတစ်ယောက်မို့ မြန်မာအကကို ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်သူတစ်ဦးဖြစ်သော်လည်း အငြိမ့်မင်းသမီးတစ်ယောက်၊ ယိမ်းသမတစ်ယောက်တော့မဟုတ်ပေ။ မိဘများ၏ အကူအညီဖြင့် Convenient Store တစ်ခုဖွင့်လှစ်ထားပြီး အားလပ်ချိန်များတွင် ဘဝကို ပျော်သလို ဖြတ်သန်းနေသူဖြစ်သည်။
ယခုလည်း ပဲခူးက ဘိုးဘွားရိပ်သာ ရန်ပုံငွေအငြိမ့်ပွဲအတွက် ရှေ့ထွက်မင်းသမီး လိုအပ်သဖြင့် အကူအညီပေးသည့်သဘောဖြင့် ကပေးခြင်းဖြစ်သည်။ အခုတော့ သူမအလှည့်ပြီးသွားပြီမို့ ရိပ်သာ၏ နာယကဆရာကြီးပြောသလို ပွဲဈေးသွားလည်ဖို့ ဆုံးဖြတ်လိုက်သည်။
မင်းသမီးများအဝတ်လဲရန် ပြုလုပ်ပေးထားသောနေရာတွင် မင်းသမီး ဝတ်စုံနဲ့ ရိုရိုးအဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ အပေါ်က လျှာထိုးဦးထုပ်တစ်လုံးဆောင်းပြီး ပွဲဈေးဘက်ထွက်လာခဲ့သည်။ ဘာမှထူးခြားနေတာတော့မဟုတ်။ ကွင်းပြင်မှာ အငြိမ့်ပွဲရှိသည်ဆိုသဖြင့် ၁၂ ပွဲဈေးသည်များမှ လမ်းဘေးနှစ်ဖက်တွင် ဈေးဘန်းခင်းကာ ရောင်းချနေ ကြခြင်းသာဖြစ်သည်။