ညနေခင်း .. သန့်ရှင်းရေးတွေ အားလုံး လုပ်ပြီးသွားတဲ့အချိန်ပေါ့ .. အပင်အောက်မှာထိုင်ရင်း.. ဟီဆွန်း .. အာညီး .. သခင်လေး ဟီဆွန်း ပေးတဲ့ စာအုပ်ကလေးကို ဖတ်ဖို့ လုပ်တုန်း ..
ဘုတ်!
" ဘုရားရေ ! "
ကျွန်မရှေ့ပြုတ်ကျလာတဲ့ လူတစ်ယောက်ကြောင့် ကျွန်မအလွန်အမင်းထိတ်လန့်ပြီး ကြောင်သွားမိသည်။
သူခိုးလို့ မအော်မိခင် ..
သူ့၀တ်စားဆင်ယင်ပုံက သပ်သပ်ရပ်ရပ်ဖြင့် အသားအရည်အလွန်ကောင်းသော အမျိုးသားတစ်ယောက် .. မဟုတ်မှ .. သခင်လေး ၇ ယောက်ထဲက တစ်ယောက်လား?
" ငါ့ကိုလာမထူဘဲ အဲ့မှာဘာလုပ်နေတာလဲ! "
သူက မြေကြီးပေါ်က မထနိုင်သေးဘဲကျွန်မကို စိုက်ကြည့်ပြီးငေါက်သည်။ အဆူခံလိုက်ရတာကြောင့် ခန္တာကိုယ်က တောင့်ပြီး အလိုလို တန်းမတ်တပ်ရပ်ပြီးသား ..
" ဟုတ်ဟုတ် "
စာအုပ်ကို ပစ်ချပြီးသူ့ဆီ အမြန်ပြေးသွားလိုက်ကာ ထူပေးလိုက်တော့သည်။ အရမ်းလေးလွန်းတဲ့ ယောက်ျား ခန္တာကိုယ် ဖြစ်တာမို့ ကျွန်မအပေါ်ကိုပင်လဲကျတော့မလိုလို။
" ခါးနာသွားတာလားဟင် "
" အင်း "
" ဒါဆို ကျွန်မ ဆရာ၀န် ခေါ်ပေးမှာမို့ အထဲအရင်သွားရအောင်နော် "
ဆောင်းဟွန်း သူ့ကိုစိတ်ပူနေတဲ့ ကလေးမကိုကြည့်ပြီး ပြုံးမိသည်။ တပြိုင်နက် ကိုယ့်ဘာသာကိုယ် ရှက်လည်းရှက် နာလည်းနာမိပါသည်။ သူ မမြင်အောင် ချောင်းကြည့်ပါတယ်ဆို သူ့ရှေ့တည့်တည့်ပြုတ်ကျလာတဲ့ ကိုယ့်ကိုကိုယ် ဖြတ်သာ ရိုက်လိုက်ချင်ပါတော့သည်။
ပြီးမှ စဉ်းစားမိတာ သူ့ခန္တာကိုယ်ကို တွဲထားတဲ့ သူမ ဘယ်လောက်တောင် လေးနေရှာမလဲဆိုတာ ..
" လေးလား? "
" ရှင်? "
မီဆို ကြောင်သွားသည်။ ပြီးမှ ဘာပြောသလဲ နားလည်သည်။
" အာ .. မ .. လေးပါဘူး သခင်ရဲ့ .. အယ်?"
ချက်ချင်း ခါးကိုပြန်မတ်ပြီး သူမကို မတွဲတော့တဲ့ ဆောင်းဟွန်း က အခု.. အကောင်းတိုင်းပင်။