အပိုင်း -၆-
-
-
-
----------
ယနေ့ ရှောင်းအိမ်တော်ကြီးတွင် ပွဲတစ်ခုရှိ၏။
ညနေစောင်းကတည်းက ပြင်ဆင်မှုများသည် ည၇နာရီသို့ရောက်သောအခါ အကုန်ပြီးစီးပြီဖြစ်၏။အစေခံမလေးများသည် လှလှပပဝတ်စားလျက်၊ သေသပ်သောထုံးဖွဲ့မှုတို့နှင့်အတူ ပွဲတော်ကြီးအား ဆင်နွှဲရန်အသင့်...။
အိမ်တော်သခင်မလေး၊သခင်လေးများနှင့်အတူ သူတို့၏ ဖခင်၊မိခင်များနှင့်အတူ တက်ရောက်ကြပြီး ဒီနှစ်၏လမုန့်ပွဲတော်သည် ရှောင်းအိမ်တော်၌ အစည်ကားဆုံးဖြစ်၏။
ရှောင်းသခင်မသည် အိမ်တော်သခင်မကြီးများနှင့်အဖွဲ့ကျနေ၍ ရှောင်းသခင်ကြီးသည်လည်း ကုန်သည်ကြီးများအား လိုက်လံနှုတ်ဆက်နေလေ၏။
" ရှောင်းသခင်ကြီး မင်္ဂလာရှိပါစေ.."
" မင်္ဂလာပါ ကျန်းသခင်ကြီး.."
" ဒီက ဟုန်သခင်လေးရဲ့ဖခင်ကရော ကျန်းမာပါရဲ့လား.."
" ကျွန်တော်တို့အိမ်ကသခင်ကြီးက လူကြီးရောဂါအရ မလာနိုင်လို့ပါဗျ.."
" ကောင်းပါပြီ ကောင်းပါပြီ.. ပြန်ရင် ဟုန်သခင်ကြီးအတွက် အနောက်တိုင်းကရတဲ့ အားဆေးအချို့ လက်ဆောင်ယူသွားပါဦး.."
" အားနာစရာတွေဖြစ်ကုန်ပါပြီ... "
ဟုန်သခင်လေးအားကြည့်လျက် ရှောင်းသခင်ကြီးသည် ခင်ပွန်းလောင်းနှင့်အတူ ထိုင်နေသော သားဖြစ်သူအား ငေးကြည့်မိသည်။
ငြိမ်သက်လျက်သား ထိုင်နေသော်လည်း မာန်အပြည့်ရှိ၏။
တော်ရုံအိမ်တော်သခင်လေးတို့ ဘယ်ယှဉ်ဝံ့မည်နည်း။
မျက်လုံးအား စည်းနှောင်ထာသော ပဝါနက်သာ မရှိခဲ့လျှင် အကောင်းပကတိသခင်လေးတစ် ယောက်သဖွယ်။
ဧည့်သည်တော်များသည် အရေးကြီးသောသူများဖြစ်သည်မို့ သားဖြစ်သူအကြောင်းအား ကြာကြာမစဉ်းစားနိုင်ပေ..။
မျက်နှာအနည်းငယ်ပျက်နေသော အရာရှိတစ်ယောက်သည် ရှောင်းသခင်ကြီး၏ အမြင်ထဲ ရောက်ရှိလာ၏။