နေလုံးနီနီသည် မိုးကုတ်စက်ဝိုင်းသို့ ခေါင်းတိုးဝင်ကာ အိပ်ရာဝင်ဖို့ တာဆူနေပြီ။ သစ်ပင်ပေါ်က ကိုရွှေငှက်မှာတော့ သစ်စိမ်းရွက်ကို ဂွမ်းစောင်သဖွယ် လွှားကာခြုံလို့ အိပ်မက်ကမ္ဘာမှာ မရွှေငှက်နှင့် ချစ်ပွဲဝင်နေမည်မှာ ပြေးကြည့်စရာပင်မလို။ သူ့လက်ဖျားဝယ် ခိုနားနေသည့် လိပ်ပြာငယ်မှာလည်း အတောင်ကလေး တဝင့်ဝင့်နှင့် ဂနာမငြိမ်။ ကြည့်ရတာ မကြာမီ မှောင်တော့မည်မို့ နေအိမ်ပြန်ဖို့ ခြေလှမ်းပြင်နေသည် ထင်ပါရဲ့။
ဤသို့ သတ္တဝါအလုံးစုံ နေဝင်အိပ်တန်းတက်ဖို့ ပြင်ဆင်နေချိန်၊ သူ့ကလေးလေးခင်မျာ အိမ်ပြန်လာဖို့ စိတ်ကူးရော ရှိပါရဲ့လားလေ။ သက်မဲ့ဖြစ်သည့် စံအိမ်ကြီးကို မလွမ်းလျှင်တောင် အနွေးဓာတ်အပြည့်နှင့် သူ့ရင်ခွင်ကျယ်ကြီးကိုတော့ တမ်းတဖို့ ကောင်းပါရဲ့။ သူ့ကလေးလေး (အရွယ်ရောက်လို့ ဘွဲ့ရပြီးပေမယ့် သူ့မျက်လုံးထဲမှာ အမြဲတစေ ငယ်ကာနေသော ချစ်စရာ့ကလေးလေး) တစ်ယောက်မှာတော့ အိမ်ပြန်လာဖို့ နောက်ကျနေချေပြီ။
အိမ်ပြန်နောက်ကျသော ကလေးငယ်သည် ဘာလုပ်လာရမလဲ သိပါသလား။
တုတ်ကောက်ခဲ့ရမည်တဲ့လေ။
မျှော်လင့်စောင့်စားခြင်းဟူသည် သူ့အဘိဓာန်တွင် မရှိ။ လူအများကသာ သူ့အလာကို စောင့်ချင်စောင့်မည်။ သူကတော့ ဘယ်သူဘယ်ဝါကိုမှ အဖက်ရော အရည်ပါလုပ်၍ စောင့်လိမ့်မည်မဟုတ်။ အရှေ့အရပ်မှ နေထွက်နေသရွေ့ ခေါင်းကိုမော့လို့ လောကကြီးကို ခြေဖဝါးအောက် ချနင်းကာ အားလုံး၏အထက်မှာ ကျော့ကျော့မော့မော့ မင်းမူမည့်သူပင်။
သူ...။ သူသည် အတုမရှိ။
သူ့နာမည်သည် ရှောင်းကျန့်။
ပျံဝဲသွားသော လိပ်ပြာငယ်ကို တစ်ချက်ငေးကာ ရှောင်းကျန့်သည် လက်ပတ်နာရီအား မကျေမချမ်း ကြည့်မိလိုက်သည်။ လက်တံတိုက နံပါတ် ၅ မှာ။ လက်ကျန်နေရောင်က ပြတင်းမှန်ကို ရောင်ပြန်ဟပ်သည်။ အလင်းမပြယ်သေးသည့် ညနေ ၅နာရီပင် ဖြစ်လင့်ကစား ကလေးငယ်လေး ကင်းမဲ့နေသော စံအိမ်ကြီးသည် မှိုင်းညို့ညို့ရယ်။
YOU ARE READING
My Submissive (completed)
RomanceEpilogue of Submissive 1.0. အတောင်ပံနဲ့ ကောင်မလေး... အဲ့တာက မီပါပဲ...