ဆောင့်တက်လာသည့် သွေးတန်းကြီးကို အောက်ပြန်ကျအောင် နားထင်ကို လက်ဖြင့်တစ်ချက်ဖိလိုက်၏။ ဤအကြောင်းကို တွေးကြည့်တိုင်း ရှောင်းကျန့် ကိုယ့်နှာဖူးကိုယ် လက်ဖြင့် ပိတ်ရိုက်ချင်မိသည်။
တကယ်တော့ သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ one way ဟူသည့် အသွားတစ်ဖက်ချည်းပဲ ရှိသည်မဟုတ်။ ရှောင်းကျန့် မကြိုက်တာ ကလေးငယ်လေးလုပ်မိလျှင် သူ့ကျန့်ကော ၏ ပက်ပက်စက်စက် ဆူပူမာန်မဲတာ ခံရသလို ကလေးငယ်လေး တားမြစ်ထားတာ ရှောင်းကျန့် ကျူးလွန်မိလျှင်လည်း အညှာအတာမဲ့စွာ အပြစ်ပေးခံရပါ၏။ ဆိုတော့ အသွားရော အပြန်ပါရှိသည့် two way ပင်။
ယခုအခေါက်မှာတော့ ရှောင်းကျန့်သည် ကလေးငယ်လေး ချမှတ်ထားသည့် စည်းကမ်း ၃ချက်ထဲမှ ၃ချက်စလုံးကို ချိုးဖောက်မိရဲ့သား ဖြစ်နေပြီ။
ကလေးငယ်အတွက် ရှောင်းကျန့် ချမှတ်ထားသည့် စည်းကမ်းများမှာ
(၁) သူ့စကားတိုင်းကို နာခံရမယ်။
(၂) သူ မကြိုက်တာ မလုပ်ရဘူး။
(၃) သူ့ကို ဘယ်တော့မှ မလိမ်ရဘူး ဖြစ်သည်။
ရှောင်းကျန့်အတွက် ကလေးငယ်လေး ချမှတ်ထားသည့် စည်းကမ်းတွေကတော့
(၁) ညဘက် အပြင်မှာ မအိပ်ရ။
(၂) ညဘက် အပြင်မှာ မအိပ်ရ နှင့်
(၃) ညဘက် အပြင်မှာ မအိပ်ရ သာဖြစ်၏။
ရှောင်းကျန့် တိုင်နှင့်ခေါင်းနှင့်သာ ပြေးဆောင့်ပစ်လိုက်ချင်တော့တာပဲ။
ဟုတ်သည်။ မနေ့ညက ရှောင်းကျန့် အိမ်ပြန်မအိပ်ခဲ့ပါ။ မြို့ပြင်ဘက်က ဟိုတယ်တစ်ခုမှာ ကျင်းပသည့် ကုမ္ပဏီညစာစားပွဲတွင် ဝိုင်ပြင်းပြင်းနှင့် ဝီစကီကို တွဲသောက်မိ၍ နှစ်ပင်လိမ်ကာ ခေါင်းပင်မဖော်နိုင်တော့။ ကားမောင်းဖို့က ဝေလာဝေးနေသဖြင့် အဲဒီဟိုတယ်မှာပဲ တစ်ညတာကို ကုန်ဆုံးလိုက်ရသည်။
ကလေးငယ်၏ စည်းကမ်းချက်အား ရည်ရွယ်ချက်မရှိ၊ မလွဲမရှောင်သာ အခြေအနေမို့ ချိုးဖောက်မိကြောင်း နတ်ဘုရားများကို တိုင်တည်ပါ၏။ မနက်မိုးလင်းလင်းချင်း နလန်ထူတော့ အိမ်ကို တရကြမ်း မောင်းနှင်ခဲ့သည်။ ယာဉ်တိုက်မှုတွေ ဘာတွေ ရှောင်းကျန့် မသိ။ သူသိသည်က ကလေးငယ်သာ။

YOU ARE READING
My Submissive (completed)
RomanceEpilogue of Submissive 1.0. အတောင်ပံနဲ့ ကောင်မလေး... အဲ့တာက မီပါပဲ...