အပိုင်း (၁) စတင်တွေ့ဆုံခြင်း
SUV ကားတစ်စီးသည် ပုံမှန်အရှိန်နှင့် မြို့တွင်းလမ်းအတိုင်း မောင်းလာသည်။ လုရှန်း၏ ဘေးဘက်တွင် ထိုင်နေသူ၏ တုန်တုန်ရီရီသက်ပြင်းသံတွေက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေ၏။ မြို့ရဲ့ညရှုခင်းတွေကို ကြည့်နေရာမှ လုရှန်းသည် ထိုသူဘက်ကို ခေါင်းလှည့်လာသည်။
သူ၏ဘေးဘက်ခုံတွင် ထိုင်နေသော ကောင်လေးမှာ သွေးများနှင့်ညစ်ပေနေလေရဲ့။ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အသက်ကို ခပ်ပြင်းပြင်းရှူသွင်းနေရရှာသည်။ သူ့ပုံစံကိုကြည့်ရုံနှင့် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေရမှန်းသိသာ၏။
လုရှန်းသည် တစ်စုံတစ်ရာကို သတိထားမိပုံရသွား၍ လက်ဆန့်ကာ ကောင်လေး၏နဖူးကိုစမ်းကြည့်ဖို့လုပ်လိုက်သော်လည်း သူ၏လက်ကို ကောင်လေးက ခပ်ကြမ်းကြမ်းပုတ်ထုတ်လိုက်သည်။
"မထိနဲ့"
အသံသည်အတော်ပင် အသက်ငယ်သေးသည့်ပုံပင်။ လုရှန်းဘေးမှ ကောင်လေးသည် ဆယ်ကျော်သက်အရွယ်သာ ရှိဦးမည်။
ဦးလေးယွမ့်က ကားမောင်းနေရာမှ အနောက်သို့ ခေါင်းအနည်းငယ်လှည့်လိုက်သည်။
"သူဋ္ဌေးလု"
"ဘာမှမဖြစ်ဘူး" လုရှန်းက ပုံမှန်မျက်နှာနဲ့ပဲ လက်ကိုပြန်ရုပ်သိမ်းပြီး ဖြေလိုက်သည်။
ကောင်လေးသည် တစ်ခုခုကို ချုပ်တည်းထားရသည့်ပုံစံမျိုးနှင့် လုရှန်းနဲ့ ဝေးနိုင်သမျှဝေးအောင် ကားတံခါးဘက်သို့ အတင်းတိုးကပ်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုလည်း အရင်ကထက် ပိုမိုသေးကွေးအောင် ကျုံ့ထားသည်။
အပြင်ဘက် လမ်းမီးတိုင်များမှ အလင်းရောင်များသည် ကားမှန်ဘေးဘက်မှ မြန်မြန်ဆန်ဆန်ဖြတ်သွားသည်။ အဆိုပါအလင်းတို့သည် မျက်နှာမဖော်ဘဲ ခွေနေသော ကောင်လေး၏ဆံပင်ပေါ်သို့ ကျရောက်နေလေ၏။ကောင်လေးရဲ့ဘယ်နေရာတွေက နာကျင်နေသလဲ လုရှန်းမသေချာပေမယ့် ကားထိုင်ခုံမှာတော့ သွေးတွေ တော်တော်လေးစိုနေသည်။ ကားထဲမှာလည်း သွေးနံ့တွေ အတော်လှိုင်လာသည်။