လက်ကျန်လရောင် - အပိုင်း (၁၁)
#ပုညခင်
🌸🌸🌸🌸🌸
ရန်ပြေ ယူသွားသည့် စကားဝါပန်းတွေကို မမခေါင်းမှာ ခိုတွဲလျက် တွေ့ ရသည့်အခါ ယဉ့်စိတ်မှာ ရှတတ ဖြစ်ရသည်။ စကားဝါပန်းကို ယဉ် လိုချင်လှသော်လည်း ရန်ပြေက တစ်ပွင့်တလေတောင်မျှ ပေးမသွားခဲ့ပါ။ မမခေါင်းမှာတော့ စကားဝါပန်းတွေ ဝေ၍နေလေသည်။ အပြုံးမျက်နှာနှင့် စကားဝါပန်းတွေကို သယ်ဆောင်ကာ မမနောက်သို့ လိုက်သွားခဲ့သော ရန်ပြေသည် အပြုံးမျက်နှာနှင့်ပင် အိမ်သို့ပြန်လာသည်။ သူနှင့်အတူ အပြုံးမျက်နှာတစ်ခုလည်း အတူတကွပါလာသည်။ မမ၏ အပြုံးကလည်း အသက်ဝင်လှပလွန်းခဲ့သည်။ အဲ့ဒီအပြုံး မျက်နှာ နှစ်ခုကြားသို့ ယဉ် ဘီလူးမျက်နှာက တိုးမပေါက်နိုင်တာမျိုးလား။ ယဉ်က အိမ်ဘက်သို့ အတူလျှောက်လာနေသည့် မမနှင့် ရန်ပြေ့ကို လှမ်း ကြည့်ရင်း ကိုယ့်အတွေးနှင့်ကိုယ် ဟက်ခနဲ ရယ်လိုက်မိပါသည်။
ယဉ် ငယ်ငယ်က တစ်စက်မှအထင်မကြီးခဲ့သော၊ အထင်သေးနှိမ့်ချခဲ့သော ရန်ပြေသည် ခုတော့ ယဉ်စိတ်ကို လှုပ်ရှားစေနိုင်သူ တစ်ယောက် ဖြစ်လာခဲ့သည်။ ယဉ် ဘယ်လိုပဲ ရန်စ ရန်စ ခပ်တည်တည် ခပ်မှန်မှန် နေတတ်သော ရန်ပြေ၏ တည်ကြည်ငြိမ်သက်မှုသည် အရွယ် ရောက်လာသော ယဉ်အတွက် စိတ်ဝင်စား ရင်ခုန်စရာဖြစ်လာခဲ့ရသည်။ ရင်ခုန်ရသည့်တိုင် အထင်သေးစိတ်ကလေးကလည်း တစ်ချက် တစ်ချက် ခေါင်းပြူလာတတ်သောအခါ သူ့အပေါ် မာမာကျောကျော သြဇာပေးရင်းကပဲ စိတ်ထဲက ကြိတ်၍ ညွှတ်ကြွေရသည်။ သူက ယဉ်အပေါ် တည်တည်မှန်မှန် ဆက်ဆံသလောက် မမအပေါ်မှာတော့ ပေါ့ပါးမြူးရွှင်စွာ တရင်းတနှီး ဆက်ဆံလေသောအခါ ယဉ်က မမ မြကျေးကို အားကျရင်းနှင့်ပဲ ကြိတ်၍ မနာလိုဖြစ်လာခဲ့မိသည်။ ရန်ပြေနှင့်ပတ်သက်လျှင် ယဉ်စိတ်သည် အမျိုးမျိုး ပြောင်းလဲလှုပ်ရှားကာ မတည်မငြိမ် ရှိရလေသည်။
မမနှင့် ရန်ပြေတို့ အိမ်နားသို့ရောက်လာတော့ ယဉ်က အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ မမက ယဉ်ကိုပြုံးပြလိုက်ရင်း...
"ယဉ် ဘယ်သွားမလို့လဲ၊ ထမင်းစားပြီးပြီလား၊ ညနေစာအတွက် ယဉ်ကြိုက်တဲ့ နှမ်းဖတ်ချဉ်သုပ်လေးတောင် သုပ်ဖို့ အဆင်သင့် ပြင်ထားခဲ့သေးတယ်"