လက်ကျန်လရောင် - အပိုင်း (၁၉)
#ပုညခင်
🌸🌸🌸🌸🌸
တတိယပတ် တနင်္ဂနွေသည် မိုးငွေ့ များဖြင့် မွန်ရီနေခဲ့လေသည်။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းရှိသဖြင့် ပုဂံမြေသည် စောစီးစွာ မိုးဖြင့်စွတ်စိုခွင့်ရခဲ့သည်။ မမ၏ ဆန္ဒနှင့်အညီ ဘင်္ဂလားပင်လယ် ပြင်မှာ မုန်တိုင်းရှိပါစေဟု သူ ဆုမတောင်းခဲ့သော်လည်း မနေ့ကပင် ပုဂံမြေတွင် မိုးဖြိုင်ဖြိုင်ကျခဲ့၏။ ခုချိန်ဆို မမတို့အိမ်ခြံစည်းရိုးမှာ ပဒုမ္မာ နေကြာတွေ ဖူးပွင့်ကြပေတော့မည်။
မနေ့ညက မိုးရွာထားသဖြင့် မင်းနန်သူသို့သွားရာလမ်းသည် စွတ်စိုသိပ်သည်းနေခဲ့သည်။ ထနောင်း တမာ မန်ကျည်းတို့၏ အကိုင်း အခက် အရွက်တို့သည် စွတ်စိုစိမ်းမြဆဲ ... ။ တချို့သော သစ်ရွက်များ ပေါ်တွင် မိုးရေစက်တို့ တင်ကျန်နေဦးမည်ထင်ပါသည်။ လေတစ်ချက် ဝှေ့တိုက်လိုက်တိုင်း မြေရနံ့နှင့် မိုးငွေ့ကို ထိတွေ့ ခံစားရသည်။ မမ၏ ဆိုင်ကယ်နှင့် သူတို့၏ e - bike များသွားရာ လမ်း ကြောင်းသည် အာနန္ဒာမှ မင်းနန်သူသို့ လှည်းတန်းကြီးသွားရာ လမ်း တစ်လျှောက်ပင်ဖြစ်လေသည်။ ဟိုးတုန်းကလိုပဲ ဓမ္မရံကြီးအနီးမှ ဖြတ်၍ လာခဲ့၏။ စူဠာမဏိဘုရားတံတိုင်းအနီးမှ ဖြတ်ခဲ့၏။ ဆင်ဖြူရှင်ကျောင်းတိုက်ဝင်းအနီးမှ ဖြတ်၍လာပြီး မကြာခင် မင်းနန်သူ ရွာအနီးသို့ရောက် လေသည်။ ပူပြင်းခြောက်သွေ့ရာအရပ်၌ရှိသော မင်းနန်သူသည် ဒီမိုးကြောင့် စွတ်စို စိမ်းမြနေခဲ့သည်။
မမနှင့်အတူ ကျင်လည်သွားလာခဲ့ရာနေရာများကတော့ သူ့ကို အလွမ်းငွေ့ဖြင့် ဆီးကြိုခဲ့သည်။ ကန္တာရသီး လျှောက်ကောက်ခဲ့ရာ နေရာတစ်ဝိုက်ရှိ တရုတ်ပြေးဘုရား၊ သမ္ဘူလဘုရား၊ ဘုရားသုံးဆူ၊ နန္ဒမညာဘုရားစုနှင့် ကြက်ကန်ဂူတောရကျောင်းတို့သည် မိုးနံနက်ခင်းတွင် အုံ့မှိုင်းဆိတ်ငြိမ်လျက်။ ကြက်ကန်ဂူတောရချိုင့်ဝှမ်းထဲမှာတော့ စကားဖြူ စကားနီတို့ ပင်လုံးညွှတ်မျှ ပွင့်၍နေကြလေသည်။
နန္ဒမညာဂူဘုရားငယ်ကလေးထဲတွင်တော့ အလွန် လက်ရာမြောက်စွာ အသေးစိတ် ရေးခြယ်ထားသည့် ဗုဒ္ဓဝင် ကောက်နုတ်ချက် နံရံပန်းချီများသည် သိုသိပ်စွာရှိနေကြဆဲ ... ။ ဤဂူဘုရားငယ်ကလေး၏ ရင်ပြင်ပေါ်တွင် ထိုင်နေသော မိန်းမငယ်ကလေးထံသို့ ကြက်ကန်ဂူတောရ ဘက်ဆီမှ စကားဖြူ စကားနီတွေ ပွေ့ကာပြေးလာနေသော ကောင်ကလေး တစ်ယောက်။ သူ ပြုံးမိပါသည်။ ကြည်နူးလွမ်းဆွတ်စွာ ပြုံးရပါသည်။ ငယ်စဉ်ကလေးဘဝက ကြုံခဲ့ရသော နာကျင်မှုတွေက လူတစ်ယောက်၏ ဘဝကို လွှမ်းမိုးနိုင်စွမ်းရှိသလိုမျိုးပဲ ကလေးဘဝက ကြုံခဲ့ရသည့် ကြည်နူး ချမ်းမြေ့မှုတွေကလည်း လူတစ်ယောက်၏ အနာဂတ်ဘဝကို အပြုသဘော လွှမ်းမိုးနိုင်စွမ်း ရှိခဲ့ပါသည်။ ထို့ကြောင့်ပင် မိဘတွေဟာ ကိုယ့်သားသမီးလေးတွေရဲ့ ငယ်ဘဝမှာ ပျော်ရွှင်စရာ အမှတ်တရကလေးတွေ ဖန်တီးပေးဖို့ လိုအပ်သည်ဟု ဆိုခဲ့သည်။ သူ့ အတွက်တော့ မိဘက ဖန်တီးမပေးနိုင်ခဲ့သော်လည်း မမက ဖန်တီးပေးခဲ့၏။ အနှိုင်းမဲ့ ကျေးဇူးရှင်ပေပဲ ...။