သံတမန်လာမည့်ကိစ္စကို လက်ယာအမတ် လျှောက်တင်ပြီးနောက်တစ်နေ့မှာပင် မင်းကြီးနှင့်အမတ်အတော်အများ လက်ဝဲရေတပ်ဌာနချုပ်သို့ ထွက်ခွာခဲ့ကြသည်။
ခရီးစဉ်တွင် ခရစ္စတိုဖာ ပါဝင်လာခြင်းကို အမတ်အများစုက တော်ဝင်ရေတပ်ဦးစီးမှူးက မြို့တော်မှာမနေဘဲနဲ့ တောင်ပိုင်းအထိ ဘာလိုက်လုပ်မှာပါလဲဟု တီးတိုးပြောဆိုနေကြသည်။ ခရစ္စတိုဖာ လက်ထဲရှိ အနီရောင်စာလိပ်ကို မြှောက်ပြမှ အမတ်အများစု သဘောပေါက်တော့သည်။ တော်ဝင်ရေတပ်ဦးစီးမှူး တစ်ယောက်ဖြင့်မြို့တော်ကို စွန့်ပြီး ရှေ့တန်းလိုနေရာမျိုးကို သွားပြီပေါ့။ သူရဲကောင်းပီသကြောင်း ချီးမွမ်းပြောဆိုနေကြသော်လဲ ခရစ္စတိုဖာ ရဲ့စိတ်အမှန်ကို ဘယ်သူမှ သတိမထားမိကြ။ ခရစ္စတိုဖာ ကိုယ်တိုင်လဲ သူ့စိတ်သူ နားမလည်သေးတာကြောင့် သေချာသိချင်၍ တောင်ပိုင်းကို ရွှေ့ခဲ့ခြင်းဖြစ်သည်။"တောင်ပိုင်းကိုပြောင်းမယ့်ကိစ္စ ရိုးရောရိုးရဲ့လား တော်ဝင်ရေတပ်ဦးစီးမှူးကြီး၊ အဲ... အခုတော့ လက်ယာရေတပ်မင်းကြီး ခေါ်ရတော့မှာပေါ့"
"ဘာအဓိပ္ပါယ်လဲဗျ "
"ဟန်ဆောင်မနေပါနဲ့ဗျာ၊ ကျွန်တော်တို့ရင်းနှီးခဲ့တာ မနေ့တစ်နေ့ကမှလဲမဟုတ်တာ"
"ဟိုမှာမြင်နေရတာ ဘာများလဲ " ခရစ္စတိုဖာ စကားလမ်းကြောင်းလွှဲလေပြီ။
" တောင်ပိုင်းခံတပ်ကြီးကို မြင်နေရပြီဆိုတော့ မကြာခင်ရောက်တော့မယ်မလား။ စစ်သင်္ဘော အသစ်ကိုမြင်ရတော့မယ် ဟုတ်တယ်နော် "
"ဟုတ်တယ် ကျွန်တော်လဲစစ်သင်္ဘော အသစ်ကို မြင်ချင်လှပြီ၊ လက်ယာတပ်မင်းကြီး ကတော့ စစ်သင်္ဘောထက် တခြားမြင်ချင်တာသပ်သပ်ရှိတယ်မလား"
အလက်ဇန္ဒား ခနဲ့လိုက် စလိုက်လုပ်နေသော်လဲ စကားကျွံမည်စိုး၍ ဘာမှမပြောဘဲနေလိုက်တော့သည်။
ဝီလျံ ကတော့ ခရီးထွက်လာရသည်ကိုပျော်ပြီး တစ်လမ်းလုံး ပြုံးရွှင်လာသည်။ ဟင်နရီ မှာတော့ ဝီလျံ ဘယ်အချက်မြင်းပေါ်က ပြုတ်ကျမည်ကိုတွေးရင်း စိတ်ပူနေရသည်။