လက်ဝဲရေတပ်ဌာနချုပ်ဆိပ်ကမ်းတွင် မင်းကြီး အပါဝင် မှူးကြီးမတ်ရာများက စစ်သင်္ဘောအသစ်ရေချမည့်အချိန်ကို မျှော်တလင့်လင့်နှင့်စောင့်နေကြသည်။ တပ်မင်းကြီးဂျော့ရှ် မရောက်သေး၍ မည်သူမှရေချပွဲ အခမ်းအနားကို မစတင်သေပေး။ မရောက်သေးဘူးဆိုတာထက် ပျောက်နေသည်ဆိုလျှင် ပိုမှန်မည်။ အမတ်မင်းအလက်ဇန္ဒား ဦးဆောင်ပြီး တပ်မင်းကြီးဂျော့ရှ် ကိုလိုက်ရှာကြသည်။ တစ်စခန်းလုံးနှံ့အောင်ရှာသော်လဲ မတွေ့ကြ။ အလက်ဇန္ဒား စဉ်စားမိသည်။ အမှတ် ၁ ဆိပ်ကမ်း ဘက်တွင်ရှိနေမလား။
ချက်ချင်းပင် ဆိပ်ကမ်း ဘက်သို့ပြေးသွားခဲ့သည်။သူတွေးတာမှန်သည်။ ဂျော့ရှ် တစ်ယောက်စစ်ဦးထုပ်လေးဘေးချပြီး သောင်ပြင်တွင်ထိုင်ကာ ပင်လယ်ပြင်ကိုငေးလျှက်ရှိသည်။ မျက်ရည်တို့က ဝဲတဲတဲနှင့်။ ပခုံးပေါ်ရောက်လာသော လက်ကြောင့် ဂျော့ရှ် မော့ကြည့်မိသည်။ သူ့အတွေးနှင့်သူ စီးမျောနေတာကြောင့် အလက်ဇန္ဒား ရောက်လာတာကို သတိမထားမိ။ သူ့ကိုကြည့်နေသော မျက်လုံးတစ်စုံ။ ဂရုစိုက်မှု စိုးရိမ်မှုတွေ ပြည့်နေတဲ့ မျက်လုံးတွေကို အချိန်အတန်အကြာ သူပြန်ကြည့်နေမိသည်။
"စစ်သင်္ဘောရေချပွဲရှိတာ မသွားဘူးလား။ မင်းမလာသေးလို့ ဘယ်သူမှ ပွဲမစသေးဘဲ စောင့်နေကြတယ်။ အခုသွားရအောင် တပ်မင်းကြီး"
"အလက်ဇန္ဒား သိလား။ အခုစစ်သင်္ဘောက ဒုတိယအကြိမ်ရေချတာကို"
"အခုမှ ပထမဆုံးရေချမှာမဟုတ်ဘူးလား"
"မဟုတ်ဘူး၊ မနှစ်ကတစ်ကြိမ် ရေချဖူးတယ်၊ ဒါပေမယ့်..."
"ဒါပေမယ့် ဆက်ပြောလေ "
"ပထမဆုံးရေချတဲ့သင်္ဘောက အလေးချိန်ဟန်ချက်မမျှတာနဲ့ ပစ်လိုက်တဲ့အမြောက်ရဲ့ တွန်းကန်အားကြောင့် မြုပ်သွားတာ"
"စစ်သင်္ဘောက မြုပ်တယ်ဆိုတော့ အထဲက ရဲမတ်တွေက"
"တစ်ယောက်မှ အသက်မရှင်ဘူး။ အရှင်လက်လက်ရေနစ်ခံရသလိုပဲ။ သင်္ဘောနဲ့အတူ မြုပ်သွားခဲ့တာ"