"သားကို ဒီနေ့ခွင့်ယူပေးနိုင်မလား"ကောင်းကောင်းမအိပ်ခဲ့ရတဲ့ ခီလာက သူ့အမေကိုမေးလိုက်သည်။
ကောင်းကောင်းမအိပ်ရတော့ လူကိုအလွယ်တကူပင်ပန်းစေသည်။ ဒီနေ့ရဲ့ လေ့ကျင့်ရေးကို သူမလုပ်နိုင်လောက်ပေ။
"အင်းအင်း..... မေမေ ပြောလိုက်မယ် ဒါဆိုမေမေတို့အလုပ်သွားတော့မယ်နော်"
ခီလာ၏ပါးက မိခင်ဖြစ်သူထံမှ ဖွဖွအနမ်းခံလိုက်ရသည်။ သူ့အဖေက အမေကိုရပ်စောင့်ရင်း တစ်ခုခုသတိရသွားသလို.....
"ဪ ဒါနဲ့.... အိမ်ကရေပိုက်က တစ်ခုခုဖြစ်နေတာထင်တယ် ဖေကြီးစက်ပြင်Companyကိုဖုန်းခေါ်ထားတယ်.... တစ်ယောက်ယောက်လာခဲ့ရင်တံခါးဖွင့်ပေးဖို့ သတိရဦး"
ခီလာ စိတ်နဲ့ကိုယ်မကပ် ခေါင်းညိတ်ပြလိုက်သည်။
နေ့ခင်းဘက်ရောက်တော့ တံခါးဘဲလ်ဟာ မြည်သံပေးလာသည်။ ခီလာတံခါးဖွင့်လိုက်တော့ သေတ္တာပုံးသယ်လာတဲ့လူတစ်ယောက်။ အလုပ်သမားဝတ်စုံဝတ်ထားပြီး မျက်မှန်တစ်လက်တပ်ထားသည်။ ပေါ်နေသည့်နှာတံနှင့် အပြုံးစစရှိသောနှုတ်ခမ်းတို့မှာ သဘောမနောကောင်းကာ ချဥ်းကပ်ရလွယ်ကူစေပုံရသည်။
"ဝင်ခဲ့ပါဗျ"
"ဘာပြင်ပေးရမှာလဲ"
ထိုလူက ဩသော်လည်း ရှတတလေးနဲ့ချိုမြိန်သောအသံဖြင့် သူ့အား သိမ်သိမ်မွေ့မွေ့လေးမေးလာခဲ့သည်။ ခီလာထိုအချိန်မှ ငေးငိုင်ရာကအသိဝင်လာသည်။
သူ့အဖေကဘာပြင်ရမှာမှန်းပြောမသွားသလို သူလည်းမသိဘူးလေ......။ စက်ပြင်တဲ့သူတွေကိုလည်း ပြောမသွားတာများလား။
"ကျ ကျွန်တော်မသိဘူး"
"ဒါဆို"
ထိုလူက တိုက်ခန်းထဲဝေ့ဝဲကြည့်ပြီးမှ ဆိုလိုက်သည်။
"မီးဖိုချောင်တို့ ရေချိုးခန်းတို့ကနေစစ်ကြတာပေါ့"
"ဟုတ်ကဲ့"
ထိုလူ တစ်အိမ်လုံးလျှောက်သွားပြီး လျှပ်စစ်ပစ္စည်းများစစ်ကာ လျှောက်သွားနေချိန် ခီလာက တကောက်ကောက်လိုက်နေရသည်။ မနေ့က စိတ်ဒဏ်ရာကြောင့် လူကထုံထိုင်းထိုင်းနဲ့ဆိုတော့ ဖအေကိုဖုန်းဆက်မေးဖို့လည်း မမှတ်မိ။