>> Unicode <<
~~~~~~~~~~~~ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်တွင်ရှိသော ဇေယျဝတီမြို့လေးဟာ သိပ်တော့မကျယ်ဝန်းလှ။ သို့သော် ဆေးရုံ ၊ စာသင်ကျောင်း ၊ မီးသတ် ၊ ရဲစခန်း စသည်ဖြင့် အစိုးရဌာနများတည်ရှိသောကြောင့် လိုအပ်လာလျှင် ဝေးဝေးလံလံသွားစရာမလိုအပ်ဘဲ လူသူစည်ကားလျက်ရှိသည်။
တောင်ငူအထိခရီးဆက်မည့်လိုင်းကားကိုစီးပြီး ဇေယျဝတီမြို့ရဲ့ စည်ပင်သာယာဈေးရှေ့မှာ ဆင်းရသည်။ ထိုမှတဆင့် ရပ်ကွက်အတွင်းသို့ ဆိုင်ကယ်ငှားသွားရ၏။ ခြံဝန်းပါသော လုံးကျဉ်းတိုက်ရှေ့ကိုရောက်ချိန်မှာ ဆိုင်ကယ်ပေါ်ကဆင်းသွားတဲ့ပုံရိပ်မင်းထင်ဟာ ခါးကိုဘယ်ညာလှည့်ရင်း အညောင်းဆန့်နေလေသည်။
" Bro တစ်ယောက်တည်းနေတာပေါ့၊ ကျွန်တော်သာဆို ပျင်းလို့သေမှာပဲ "
" အခု နှစ်ယောက်ဖြစ်သွားပြီပဲ "
မင်းအိမ်သူ ခြံတံခါးဖွင့်ပြီး ရှေ့မှဦးဆောင်ဝင်လာ၏။ ခြံနှင့်ဝန်းနှင့်ဆိုပေမဲ့ ကျယ်ဝန်းလှတယ်မဟုတ်။ ခြံထဲမှာတော့ ကစ်(စ်)မီတွေကို ပန်းအိုးနှင့်အတန်းလိုက်စိုက်ထားပြီး အိမ်တံစပ်မြိတ်မှာ သစ်ခွတွေကို ခြင်းလေးများနှင့်ချိတ်ဆွဲထားသေး။ မင်းအိမ်သူက အပင်စိုက်ရတာ ဝါသနာပါသည်မဟုတ်။ ပျင်းပျင်းနှင့်စိုက်ဖြစ်သွားတဲ့အပင်များသာဖြစ်၏။
အိမ်ထဲသို့ရောက်ရောက်ချင်း အလင်းရအောင် ပြတင်းပေါက်တွေလိုက်ဖွင့်သည်။ အနောက်ကလိုက်ဝင်လာတဲ့ပုံရိပ်ကတော့ ကျောပိုးအိတ်လေးလွယ်ထားရင်း အိမ်ကိုအကဲခတ်နေသေး၏။
" အာ.. အကို့မှာဆိုင်ကယ်ရှိတာပဲ "
ပုံရိပ်တစ်ယောက် အိမ်ရဲ့အဝင်ဝမှာ တာလပတ်နှင့်အုပ်ထားတဲ့ဆိုင်ကယ်ကိုမြင်ပြီးပြောခြင်းပေ။
" ဟုတ်တယ် ဟိုဟိုဒီဒီသွားဖို့အဆင်ပြေတယ်လေ "
" အိမ်က ကြည့်တော့သာကျဉ်းတယ်ထင်ရပေမဲ့ အကိုတစ်ယောက်တည်းဆိုတော့ အဆင်ပြေတာပဲဗျ "
" အေးပေါ့ အိမ်ရှင်က ကိုယ့်အဘွား၊ အဘွားမဆုံးခင် ဒီအိမ်ကိုရောင်းချင်ရောင်းဆိုပြီးပြောခဲ့သေးတယ်၊ ကိုယ်ကမရောင်းရက်လို့ "