အလွမ်းများဝေးစေသော်

509 38 0
                                    

"ဝမ်ကျယ်ရေ... ဒီပန်းလေးတွေ လမ်းထိပ်က အဘွားဟွမ်တို့အိမ် သွားပို့ပေးပါဦး"
"ပို့ခဘယ်လောက်ပေးမှာလည်း မာမား... အခမဲ့ကို ခြေညောင်းခံပြီးတော့ မသွားနိုင်ပါနော်"
"ကဲ... ဝမ်ချစ်တီးလေးရေ... ပို့ခအနေနဲ့ ဒီကသားချောလေးကြိုက်တဲ့ ရှောင်လုံပေါင်းလေးတွေ လုပ်ထားပေးပါသတဲ့ရှင်... အိမ်ပြန်ရောက်တာနဲ့ စားရပါစေ့မယ်"
"တကယ်နော် မာမား... သားအတွက် အများကြီးပိုလုပ်ထားပေးရမှာနော်... နည်းနည်းလေးဆိုလို့ကတော့ ပါပါးအတွက်မချန်ဘဲ အကုန်စားပစ်မှာနော်"
"ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ... အခုတော့ ပန်းတွေမြန်မြန်သွားပို့ချေ... တော်ကြာ အဘွားဟွမ် ဘုရားပန်းလဲချိန်ကျ ပန်းတွေညှိုးကုန်ဦးမယ်"
"ဟင်... မာမားကလည်း~~~ သားတို့ခြံကထွက်တဲ့ပန်းတွေက ဒီလောက်လတ်ဆတ်တာကို... ခဏလေးနဲ့ညှိုးစရာလားလို့ ဟွန့်"
"ဪ ဒီကလေး... အလုပ်လေးများခိုင်းလိုက်ရင် နှုတ်ခမ်းကို ဆူထော်နေတာပဲ... ဝမ်ကျယ်ရေ!! စက်ဘီးဖြည်းဖြည်းနင်းသွားဦး!!! ဟဲ့ကလေး!!! အို ပြောနေရင်းကို အရှိန်နဲ့နင်းသွားပြန်ပြီ!!! ဟဲ့ ဝမ်ကျယ်!!!"
"ညည်းအော်နေလည်း မောရုံပဲရှိမှာ... ဟိုမယ် ဝမ်ကျယ်ကဖြင့် မိဟွမ်တို့အိမ်ရောက်နေလောက်ပြီ"
"အမေရယ်... ကျွန်မလည်း စိတ်ပူလို့ပါ... အသက်သာ ၂၀ပြည့်ထားတာ... သားက ခုထိကလေးစိတ်နဲ့ကို"
"ငါလည်း ငါ့မြေးကို ချစ်ပြီးစိတ်ပူတာပေါ့အေ... ဒါပေမယ့် အခုက ညည်းလှမ်းအော်ပြောလည်း ဟိုကလေးက ကြားမှာမှမဟုတ်တာ... ငါ့သမီးပင်ပန်းတာပေါ့"
"ဟုတ်ကဲ့ပါ အမေရယ်... အခုတော့ အမေ့မြေးစားဖို့ ရှောင်လုံပေါင်းတွေ သွားထပ်လုပ်ရဦးမယ်... မဟုတ်ရင် အမေ့သားအတွက် ကျန်မှာမဟုတ်တော့ဘူး"

လော့ရန်လို့ဆိုလိုက်ရင်ဖြင့် ကြီးမားတဲ့တောင်နံရံတွေကြားက ဗုဒ္ဓရုပ်ပွါးတော်တွေ၊ မြင့်မားတဲ့တောင်ထွဋ်တွေ၊ အရသာရှိလှတဲ့ ရိုးရာစားသောက်ဖွယ်ရာတွေကို ပြေးမြင်မိကြမှာပါပဲ။ ဒါ့အပြင် လော့ရန်ရဲ့အလှအပကို ပိုမိုဝံ့ကြွားစေတဲ့ပန်း အထူးသဖြင့် ပန်းတို့ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပျိုနီပန်းတွေပွင့်ရာ ပျိုနီပန်းမြို့တော်ရဲ့အလှကို လေ့လာစူးစမ်းချင်သူတွေအဖို့ တစ်ခါတစ်ခေါက်တော့ အလည်သွားချင်ကြမှာ ဧကန်မုချပါပဲ။
ဒါပေမယ့် လော့ရန်မှာပျိုနီပန်းတွေထက်ပိုလှတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ သင်သိပါသလား။ အဲ့တာကတော့ ဟောဒီက ချစ်စရာလူငယ်လေး ဝမ်ကျယ်လို့ခေါ်တဲ့ ဝမ်ရိပေါ်ပါပဲ။
ဟုတ်ကဲ့ ကျွန်တော်ကတော့ ရပ်ကွက်ထဲကလူအများကြား ရေပန်းစားနေတဲ့ လူချောလေးဝမ်ရိပေါ်ပဲဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တယ်။ ကူညီတတ်တယ်။ တခါတလေ အိမ်ကမိသားစုတွေနဲ့ သူငယ်ချင်းတွေအပေါ် နည်းနည်းပိစိလေး ချစ်တီးကျတတ်ပေမယ့် စိတ်ရင်းလေးကတော့ အလွန့်အလွန်ကောင်းမွန်သူလေး ဖြစ်ပါတယ်ခင်ဗျ။ အခုလည်း မာမားရဲ့ရှောင်လုံပေါင်းမျက်နှာနဲ့.. အယ့်.. မဟုတ်ပါဘူး.. မာမားပင်ပန်းမှာစိတ်ပူတာနဲ့ပဲ မာမားကိုယ်စား အဘွားဟွမ်ဆီ စီးတော်ယာဉ်စက်ဘီးလေးစီးပြီး ဘုရားပန်းတွေသွားပို့ပေးမှာပဲ ဖြစ်ပါတယ်။

အလွမ်းများဝေးစေသော်Where stories live. Discover now