" ကြိုဆိုပါတယ် ~ "
အွန်ဟွာမိန်းကလေးတက္ကသိုလ်၀န်းအနားရှိ 24/7 store ၏အချိန်ပိုင်းအလုပ်သည် လွယ်တော့မလွယ်လှပေ။ ကျောင်းဖွင့်ရက်ဖြစ်ပါစေ၊ ကျောင်းပိတ်ရက်ဖြစ်ပါစေ အလုပ်မပါးသည့်အပြင် တစ်ခြားအကြောင်းအရင်းတစ်ခုကြောင့်လည်း MinGyu တို့ဆိုင်အား လူအရောက်အပေါက်များလှ၏။ အထူးသဖြင့် ကျောင်းသူမိန်းကလေးများ ...
" ဦးလေးကြီး ! ဒီနေ့ အစ်ကို MinGyu မရှိဘူးလားဟင် "
ပစ္စည်းသိုလှောင်ခန်းထဲတွင် ပစ္စည်းများနေရာချနေစဥ် ဆိုင်ကောင်တာမှာထိုင်နေသည့် အဖေဖြစ်သူနှင့် ကျောင်းသူအချို့၏ ပြောစကားများကို MinGyu ကြားမိနေသည်။ ထပ်ပြီး ဖုန်းနံပါတ်တောင်းချင်သည့် ကောင်မလေးများလားမသိပေ ..
" MinGyu ဒီနေ့ အပြင်မှာကိစ္စရှိလို့ ထွက်သွားတယ် "
ထိုလိမ်ဆင်အဖြေအားထမင်းစားရေသောက်နှယ် ဘတ်ခနဲပြောချလိုက်သည့် အဖေဖြစ်သူကြောင့် MinGyu အသံထွက်မရယ်မိအောင် ကြိုးစားလိုက်ရသည်။ တစ်နေ့တစ်နေ့ အဖေ့ဆိုင်လေးသို့ Insta Star MinGyu အား မျှော်တလင့်လင့်ကြည့်ရန် မုန့်၀ယ်ခြင်းအကြောင်းပြရင်း လာရှာကြသော ကောင်မလေးအပေါင်းက မနည်းသည်မို့ အဖေဖြစ်သူက ကြုံလျှင်ကြုံသလို ရှင်းရှင်းထုတ်ပစ်နေရသည်မှာ အကြိမ်ကြိမ်ပင်။
" ငါလည်း အချိန်ပိုင်းအလုပ်သမား မြန်မြန်ရှာမှပါပဲ၊ မဟုတ်လည်း ငါ့သား တစ်စစီဖြစ်တော့မယ် "
MinGyu သိုလှောင်ခန်းမှ ပြန်ထွက်ထွက်လာချင်း ညည်းညူပြနေသည့် အဖေ့စကားကြောင့် ရယ်မောရင်း နှုတ်ဆက်ကာ ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
ဘယ်နေရာရာသွာသွား၊ ဘယ်အရာရာလုပ်လုပ် လူအကြားတွင် ထင်းထွက်နေတတ်သော ရုပ်ရည်နှင့် ချိုမြိန်သော personality ကြောင့် လူချစ်ခံရသည့် MinGyu ..
သူ၏ဘ၀တွင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်မှာ ဘာတစ်ခုမှ မရှိသလောက်ပင်။ မိဘများကလည်း မရှိမရှားလူတန်းစားမို့ လူတန်းစေ့ပညာရေးကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထိုကျေးဇူးကြောင့် တက္ကသိုလ်ကောင်းကောင်းတွင် စီးပွားရေးမေဂျာကို ဆက်လက်သင်ယူခွင့်ရခဲ့သည့်အပြင် ဝါသနာအရ လုပ်မိခဲ့သော Gym လေ့ကျင့်ခန်းများကြောင့် social media app တွင် Cele နီးနီး follower များရခဲ့ကာ တစ်ခါတစ်ရံတွင် ကြော်ငြာအတိုအထွာများပင် အခကြေးငွေယူ၍ ရိုက်ခွင့်ရခဲ့ပါသည်။အကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သော လောကကြီးထဲ အကောင်းဘက်အခြမ်းကိုသာ ခံစားသက်ရောက်နေသော MinGyu ထံတွင် မကြာမီရောက်ရှိလာတော့မည့် ကံကြမ္မာအစုံကို သူကြိုသိခဲ့လျှင်မူ ..
" တီ _ !! တီ _ !! "
လမ်းအကွေ့နားပလက်ဖောင်းပေါ် ခပ်နှေးနှေးလမ်းလျှောက်နေသော MinGyu ထံသို့ အရှိန်တင်တိုး၀င်လာသော ကားအဖြူရောင်တစ်စီး ..
ထိတ်လန့်မှုကြောင့် တောင့်ခဲစွာ မျက်လုံးအစုံကိုသာမှိတ်ချလိုက်မိသော MinGyu ..
ကားဟွန်းသံ လူအော်သံများဖြင့် ပြည့်နှက်နေခဲ့သော လမ်းမဟာ ရုတ်ချည်းတိတ်ဆိတ်သွား၏။ စက္ကန့်အတော်ကြာအထိ နာကျင်မှုတစ်စုံတစ်ရာအား မခံစားရသော MinGyu တစ်ယောက် ကြိုးစားရင်း သူ၏မျက်လုံးများကို ဖွင့်ဟကြည့်လိုက်မိသည်။
နူးညံ့သောမြက်ခင်းပြင်၊ MinGyu ၏ ခြေရင်းသို့ဦးခိုက်နေသော နေရောင်ခြည်နုနု၊ အပင်ငယ် အပင်ကြီး၀န်းရံလျက် စိမ်းလန်းနေသော ပတ်၀န်းကျင်နှင့် ထိုမြစိမ်းရောင်ပန်းချီကားကဲ့သို့လှပနေသော ၀န်းကျင်အား ကာရန်ညီစွာ ဖြည့်တင်းပေးနေသော ခရမ်းနုရောင် လိပ်ပြာငယ်လေးများ ..
စိမ်းသက်လှပလှစွာသော ထိုအခြေအနေအားကြည့်ရင်း MinGyu တစ်ခုသာ ကောက်ချက်ချလိုက်မိတော့၏။
" ဒါ .. နတ်ပြည်များလား ? "
•••
Coming ( very ) Soon ..
(17.09.2024)
YOU ARE READING
Die Dimensionen
Fanfiction" ငါ့အတွက် မင်းလုပ်ပေးနိုင်တာက သေဆုံးခြင်းဆိုရင်ရော .. မင်းအဆင်ပြေရဲ့လား ? " Title : Die Dimensionen Tags : Seventeen, Fan Fiction, Romance, Mystery Starring : MinGyu x WonWoo Writer : @miawoo_