[နိုင်ငံအမည်၊မြို့အမည်နှင့် အဖြစ်အပျက်များအားလုံးသည် စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ဖော်ပြထားသည့်ခုနှစ်သက္ကရာဇ်များမှအဖြစ်အပျက်များသည်လည်း အပြင်လောကမှအဖြစ်အပျက်များနှင့် ဆက်နွယ်မှုလုံးဝမရှိပါ။]
*********
-John မဟုတ်တဲ့ Jeon-
ခရစ်နှစ် 1910ခုနှစ်
အယ်လ်ဘိုးနီးယားနိုင်ငံအမ်မလီ ကအိမ်ထဲကိုပျင်းရိပျင်းတွဲ့နဲ့ ပြန်ဝင်လာတယ်။နေ့လည်စာကိုစောစောစားတတ်ကြတဲ့ ဘရုစ်ရဲ့မိဘတွေက ဘရုစ်ကိုလာခေါ်သွားတာမို့ အမ်မလီက ဖန်ဂေါ်လီလုံးလေးတွေနဲ့ပဲကျန်နေခဲ့တယ်။မီးဖိုခန်းထဲမှာနေ့လည်စာချက်နေတဲ့ မာမီ့နားတဝဲလည်လည်သွားလုပ်နေတာကလွဲရင် ၇နှစ်အရွယ်အမ်မလီက ကူလုပ်စရာလည်းမယ်မယ်ရရမရှိတာမို့ ခဏအကြာမှာပဲ ထပ်ပြီးပျင်းရိသွားရတယ်။
တစ်ဦးတည်းသောကလေးဖြစ်တဲ့ အမ်မလီက နွေကျောင်းပိတ်ရက်ရှည်တွေကို နည်းနည်းလေးမှတောင်သဘောမကျ။
အိမ်ထဲကနေရာအနှံ့ကို လျှောက်ပတ်သွားပြီးနောက်မှာတော့ အမ်မလီကဖိုးဖိုးရဲ့အိပ်ခန်းရှေ့မှာ ရပ်လိုက်တယ်။ဖိုးဖိုးနဲ့စကားစမြည်ပြောရင်း ဒီနေ့လည်ခင်းကိုဖြုန်းဖို့အကြံက သိပ်မဆိုးဘူးလို့ အမ်မလီကတွေးတယ်။
/ဒေါက် ဒေါက်/
'ဖိုးဖိုးရေ သမီးဝင်လာမယ်နော်'
တံခါးကိုခပ်တိုးတိုးခေါက်ပြီး ခဏကြာမှ အမ်မလီက အခန်းထဲကိုသာသာလေးဝင်လာတယ်။ကုတင်ဘေးက ကုလားထိုင်မှာ ထိုင်နေတဲ့ ဖိုးဖိုးကအမ်မလီ့ကိုပြုံးရင်းကြည့်
နေတယ်။အမ်မလီ ကုတင်ပေါ်မှာထိုင်ချပြီးတာနဲ့ ဖိုးဖိုးကသူ့အင်္ကျီအိတ်ကပ်ထဲက သကြားလုံးလေးတစ်လုံးကို လှမ်းပေးတယ်။အရေခွံတွေရှုံ့တွနေပြီဖြစ်တဲ့ ဖိုးဖိုးရဲ့လက်ဖမိုးတွေက ခါတိုင်းလိုသိပ်ကိုဖြူဖျော့နေတာပဲ။ဖိုးဖိုးကဒီနောက်ပိုင်းမှာအရင်ကထက်ပိုအားနည်းလာပြီလို့ မာမီကဒယ်ဒီ့ကိုပြောတာ အမ်မလီကြားလိုက်သေးတယ်။အမ်မလီအတိအကျတော့မသိပေမယ့် ဖိုးဖိုးက ၉ဆိုတဲ့နံပါတ်ရဲ့နောက်ကို နည်းနည်းကျော်လာပြီတဲ့။
YOU ARE READING
Memories: Me After You
Fanfiction-a jikook fanfiction for the project 'Heartbeat:52Hz'-