[နိုင်ငံအမည်၊မြို့အမည်နှင့် အဖြစ်အပျက်များအားလုံးသည် စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ဖော်ပြထားသည့်ခုနှစ်သက္ကရာဇ်များမှအဖြစ်အပျက်များသည်လည်း အပြင်လောကမှအဖြစ်အပျက်များနှင့် ဆက်နွယ်မှုလုံးဝမရှိပါ။]
*********
-သူပေးချင်တာ ပန်းဝါဝါ-
ခရစ်နှစ်1841ခုနှစ်
Tails-Elbonia,Houndland/ကြီးမြတ်သောချစ်ခြင်းမေတ္တာတရားသည် အကောင်းဆုံးလက်နက်ဖြစ်သလို အထက်ဆုံးသော ဆေးတစ်ခွက်လည်းဖြစ်သည်။အကောင်အထည်မမြင်ရသော စိတ္တဇနာမ်ပင်ဖြစ်လင့်ကစား လူတို့၏စိတ်နှင့်ခန္ဓာကို လိုသလိုကြိုးဆွဲနိုင်ပေရာ သေခြင်းနှင့်ရှင်သန်ခြင်းကြားမှထုထည်ကိုလည်း ပါးလွှာစေနိုင်သည်။စွမ်းလှပါသော ဇီဝဆေးပညာသည်ပင် ချစ်ခြင်းမေတ္တာအောက် ဒူးထောက်ရလတ္တံ့။/
'ဒါကဘာကိုပြောချင်ပြန်ပြီလဲ။'
ထိုင်ခုံနောက်မှီကိုမှီချလိုက်ရင်း ဂျီမင်းမြည်တွန်တောက်တီးမိသည်။ဘာမှနားမလည်တဲ့စာတွေကို အချိန်ပေးဖတ်လိုက်ရတာမို့လည်း နောင်တရချင်သွားသည်။ဒီလိုနေရာနှင့်မအပ်စပ်သည့် ထိုစာအုပ်မျိုးကိုဘယ်သူကများ ဒီကိုယူခဲ့သည်လဲတွေးရင်း ကြယ်တွေစုံနေသော ညကောင်းကင်ကိုသာ မော့ငေးနေလိုက်သည်။
ညလေခပ်ကြမ်းကြမ်းရဲ့ အေးစက်စက်အထိအတွေ့နှင့်အတူ မီးပုံမှအနွေးဓာတ်ဖျဖျကိုလည်း ခံစားမိနေသည်။ထင်းချောင်းတွေမီးတောက်လောင်နေသည့် တဖျစ်ဖျစ်အသံတွေ၊ မနီးမဝေးဆီမှ အကောင်ပလောင်အချို့၏ တကျစ်ကျစ်အော်မြည်သံတွေမှအပပတ်ဝန်းကျင်သည် ပကတိတိတ်ဆိတ်ငြိမ်သက်လျက်သား။
ဂျီမင်းက ကြယ်တွေကိုငေးရင်းတစ်ချက်ရယ်သည်။သဘာဝတရားကြီးလှည့်စားတတ်လိုက်ပုံများ မသိလျှင်ကမ္ဘာလောကကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်းချမ်းနေသည့်ဟန်။လက်တွေ့မှာတော့ လူတွေရဲ့အတ္တတွေ၊လောဘတွေ၊မောဟတွေကြောင့် ကမ္ဘာကြီးကအဆိပ်သင့်နှင့်တာကြာပေါ့။
'မအိပ်သေးဘူးလား'
ဆတ်ခနဲလန့်သွားတာနဲ့အတူ လူကသတိအနေအထားနဲ့ မတ်တပ်ထရပ်မိသွားသည်။ခြေသံမကြားအောင်လျှောက်လာတဲ့လူကသာ ကျူးကျော်သူတစ်ယောက်ယောက်ဆိုရင် ဂျီမင်းတော့အသက်ပျောက်တာကြာပေါ့။အစိမ်းပုတ်ရောင်သက္ကလပ်ကုတ်ကိုဝတ်ဆင်ထားသူအား ဂျီမင်းကအလေးမပြုရသေးခင်မှာပဲ ဘေးခုံမှာဝင်ထိုင်လိုက်ပြီး ဂျီမင်းကိုလည်းထိုင်ဖို့အရိပ်အကဲပြတယ်။အဲ့နောက်မှာတော့ နေရာမှာပြန်ထိုင်လိုက်ရင်း ဂျီမင်းက မီးတောက်တွေကိုသာ အကြောင်းမဲ့စိုက်ကြည့်နေမိတယ်။
YOU ARE READING
Memories: Me After You
Fanfiction-a jikook fanfiction for the project 'Heartbeat:52Hz'-