မိုးရိပ်ကင်းစင်ပြီး နေသာတဲ့တစ်နေ့သ၌ မင်းခွေဝိုင်း ဟုခေါ်သော ခြံကြီးထဲတွင်
"ရာရာစစ"
ခြံထဲရှိ တံခါးအပြာနှင့် တစ်ထပ်အိမ်ကလေးထဲမှ အလိုမကျဟန် အော်ဟစ်လိုက်သူကတော့ အိမ်ရဲ့အကြီးဆုံး ဦးထွန်းမောင်ပဲဖြစ်သည်။
ဦးထွန်းမောင်မှာ အသက်၆၀နားကပ်နေပြီး ထိပ်လဲအတော်ပြောင်ကာ ဝဝဖိုင့်ဖိုင့်လူတစ်ဦး
အညိုရောင်အသားအရေနှင့် ပြောင်နေသောထိပ်မှာ ရွာထိပ်ကပင် လှမ်းမြင်လျှင် မင်းခွေဝိုင်းထဲက ဦးထွန်းမောင်မှန်း ရွာသားတိုင်းသိသည်အထိပင်။
"တောက် မင်းတို့ကများ"
ပြောလက်စကိုရပ်ပြီး ရေနွေးကြမ်းကို ဟန်ပါပါသောက်ပြရသေးသည်။
"မင်းတို့ကများ အဖေနောက်မိန်းမယူမယ့်ကိစ္စကို ကန့်ကွက်ချင်သေးတာလား ယူမှာပဲကွ"
"အဖေကလဲ အမေဆုံးတာဖြင့် အငယ်လေးတစ်သက်ရှိနေပြီ ခုမှပြန်တွေ့တဲ့ အချစ်ဦးကိုယူမယ်ဆိုတော့ အမလေး ကြားလို့မှကောင်းကြသေးရဲ့လားတော်"
အသံခပ်စွာစွာနဲ့ ပြန်ပြောလာသူမှာ ကြယ်စင်ဆိုတဲ့ သမီးအကြီး။အသက်မှာ၂၉နှစ်ရှိနေပြီးယောက်ျားကို ဦးထွန်းမောင်ဝယ်မပေးစားလျှင် အပျိုကြီးဖြစ်မည့်သူပဲ ဆိုပါတော့။
"အင်းလေ အဖေကလဲအသက်ကြီးမှ ခါနေပြန်ပြီ"
စကားကို ရှေ့မကြည့်နောက်မကြည့်ပြောလိုက်တဲ့ အလတ်မ တိမ်စိုင်ဟာတော့ သူ့အမကြီးလိုမဟုတ်။
ရွာထဲမှာ ရှုပ်ပြီပွေပြီဆိုရင် ဘယ်သူလဲမမေးနဲ့ ဦးထွန်းမောင်သမီးအလတ်မ တိမ်ပြို အဲလေ တိမ်စိုင် ဟုလူတိုင်းထင်သည်အထိ ပွေပါသည်။
"မလေးကလဲ အဖေ့ခန္ဓာကိုယ်ကြီးနဲ့ ဘယ့်နှယ့်လို့ ခါနိုင်ပါ့မလဲ လှုပ်တောင်လှုပ်နိုင်ပါ့မလားပဲကို"
ဦးထွန်းမောင်မှာ ရှားရှားပါးပါး သားလေးတစ်ယောက်ပါလာသော်လဲ ထန်းရေသောက် ကြက်တိုက်နှင့် ပြဿနာရှာသည့်နေရာတွင်ပဲ အလုပ်ဖြစ်နေသည်လေ။
မှိုင်းညို့စိုင်း မှာနာမည်နဲ့မလိုက်အောင်ပြဿနာရှာတတ်ပြီး ဦးထွန်းမောင် အိမ်ထက်သူကြီးအိမ်တွင် အနေများသူဖြစ်သည်။