~လေပြေညှင်းရယ် ငြိမ်သက်ဆဲညမှာ အသာယာတိုးဝှေ့တိုက်ခတ်နေ~
ဒီနေ့ကလေးကတော့ ထူးခြားတဲ့ နေ့ကလေးပင် မင်းခွေဝိုင်းထဲမှာ တစ်ရွာလုံး လူစုံနေကြပြီး မင်္ဂလာသီချင်းသံသဲ့သဲ့မှာလဲ လွင့်ပျံ့လျက်...ဝါကျွတ်ခါစ အချိန်မို့ ပို၍ပင် စည်ကားနေတော့သည်။
မင်္ဂလာမဏ္ဍပ်ထဲသို့ ပထမဆုံးဝင်လာသည်မှာ ရွာထဲက ဖိုးရှုပ်တို့ ကလေးအဖွဲ့ ကလေးတွေမှာ အပြာနုရောင် စတစ်လက်ရှည်လေးတွေနဲ့ ခြင်းကြားတောင်းထဲမှ စက္ကူပန်း ရောင်စုံတွေကို ကြဲချနေသည်။
ကလေးအဖွဲ့ နောက်တွင်တော့ ရွှေအ က စက္ကူပန်းကုံးကြီး နှစ်ကုံးကို ကိုင်ကာ ခန့်ခန့်ကြီး လျှောက်လာနေသည်။
သူ့နောက်တွင်မှ အပြာနုရောင်မင်္ဂလာဝမ်းဆက်ဖြင့် ဦးထွန်းမောင်နှင့် ဒေါ်ငွေခင်..
ဒေါ်ငွေခင့်လက်ထဲမလဲ စက္ကူပန်းစီးကြီးနှင့်။နှင်းဆီပန်းမှာ ဈေးကြီးသဖြင့် တောထဲမှပေါပေါလောလောရသော စက္ကူပန်းများနှင့်သာအလှဆင်ထားခြင်းပင်။
မင်္ဂလာဇနီးမောင်နှံ နှစ်ယောက်နောက်တွင်တော့ စတစ်လက်ရှည်အပြာနုနဲ့ ပိုးလုံချည်ကို ဆင်တူဝတ်ဆင်ထားတဲ့ မှိုင်းညို့စိုင်းနဲ့ တိုင်းရှစ်ခွင်မှာ လက်စွပ်ဗန်းတွေ ကိုင်လျှက်..
သူတို့နောက်မှာမှ ကြယ်စင်နှင့်သူရကတစ်တွဲ တိမ်စိုင်နှင့်သန့်ဇင်ကတစ်တွဲ သတို့သား သတို့သမီးအရံ လုပ်ကြလေသည်။သူရနှင့်သန့်ဇင်မှာ တိုင်းရှစ်ခွင်ရဲ့သူငယ်ချင်း မကွေးသားများ ဖြစ်ကြပြီး ပြင်တတ်ဆင်တတ်ရှိလွန်းကြသည်။
တိုင်းရှစ်ခွင်မှာ အသားဖြူဖြူ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနှင့် ဆိုတော့ အပြာနုရောင်ဝတ်လိုက်တဲ့အခါ ပိုင်ဇေရဲထွန်း နှင့် ညီညီနေနိုင်ပင် ရှုံးရလောက်သည်။ရာဇာနေဝင်းစတိုင်ဖြင့် လမ်းလျှောက်ဝင်လာတော့ တစ်ရွာလုံးက အပျိုတွေရဲ့ အကြည့်က တိုင်းရှစ်ခွင်ဆီမှ မခွာကြတော့ပေ။
သင်း(ဒင်း)ကို ကြည့်ကာ မှိုင်းညို့စိုင်း နှာရှုံ့မိသည်။
*သူကြတော့ အပြာနုရောင်ကြီးနဲ့ ဖြူဖွေးနေတာ ငါ့ကျ မီးကျွမ်းနေတဲ့ သစ်ငုတ်ကြီး စာလာအိတ် စွပ်ထားတဲ့ အတိုင်းပဲ*